A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည် သီတဂူဆရာတော်ကို ဂါရဝပြုဖူးမြော်

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်က သဲကုန်း​ သပိတ်အိုင်​တောရ သီတဂူဆရာ​တော် ​ဒေါက်တာအရှင်ဥာဏိဿရကို သွား​ရောက် ဂါရဝပြု ဖူး​မြော်ကြည်ညိုခဲ့​ပါတယ်။ မ​နေ့​ ည​နေ ၃ နာရီမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ဆရာ​တော်ဘုရား​ တည်ထောင်ပြီး​ မကြာခင်မှာ ဖွင့်​လှစ်ဖို့​ပြင်ဆင်​နေတဲ့​ ဒဂုံမြို့​သစ်​မြောက်ပိုင်း​က သီတဂူအပြည်ပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) မှာ သွား​ရောက် ဂါရဝပြု ဖူး​မြော်ကြည်ညိုခဲ့​တာ ဖြစ်တယ်လို့​ အဖွဲ့​ချုပ်ဗဟိုပြန်​ကြား​ရေး​အဖွဲ့ဝင် ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။ ဆရာ​တော်ဘုရား​ကြီး​ရဲ့​ မိန့်​ကြား​ချက်​တွေကိုလည်း​ ဦး​အုန်း​ကြိုင်ကပဲ အခုလို ဆက်​ပြောပြပါတယ်။ “ည​နေ ၃ နာရီက​နေ ၅ နာရီအထိ ဆရာ​တော်ဘုရား​ကြီး​က​နေ သီတဂူဗုဒ္ဓတက္ကသိုလ်နဲ့​ ပတ်သက်လို့​လည်း​ကောင်း​။ ​နောက်သူ​ဆောင်ရွက်​နေတဲ့​ သာသနာနဲ့​ပတ်သက်တဲ့​ သာသနာပြန့်​ပွား​ရေး​ လုပ်ငန်း​များ​နဲ့​ ပတ်သက်ပြီး​တော့​သော်လည်း​ကောင်း​။ ​နောက်​တော့​ သူစု​ဆောင်း​ထား​တဲ့​ သာသနာ့​သမိုင်း​၊​ ​နောက်​တော့​ မြန်မာယဉ်​ကျေး​မှုသမိုင်း​ စတဲ့​ အဲဒါ​တွေနဲ့​ ပတ်သက်လို့​လည်း​ကောင်း​ ဆရာ​တော်ဘုရား​ကြီး​က မိန့်​ကြား​ပါတယ်။ အတွင်း​ရေး​မှူး​က ၂ နာရီကြာ ဝမ်း​မြောက်ဝမ်း​သာ နာယူပါတယ်။ အဲဒီ​နောက် ဆရာ​တော်ဘုရား​ကြီး​က ည​နေ ၅ နာရီ​လောက်မှာ သူစီစဉ်ထား​တဲ့​ သီတဂူ ဗုဒ္ဓတက္ကသိုလ်ရဲ့​ အ​ဆောင်အခန်း​များ​ကို လိုက်လံပြသတယ်။ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​က လိုက်လံကြည့်​ရှုပြီး​တော့​ ည​နေ ၅ နာရီခွဲ​လောက်မှာ ပြန်လည်ထွက်ခွာလာတယ်။” ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဆရာ​တော်အရှင်ဥာဏိဿရကို လွန်ခဲ့​တဲ့​ သုံး​လ​လောက်ကတည်း​က ကြည်ညိုဖူး​မြော်ဖို့​ အစီအစဉ်ရှိ​ပေမယ့်​ အခုအချိန်မှ မြော်ခွင့်​ရတာဖြစ်တယ်လို့​လည်း​ ဦး​အုန်း​ကြိုင်က ဆိုပါတယ်။ “အ​ထွေ​ထွေအတွင်း​ရေး​မှူး​က လွန်ခဲ့​တဲ့​ ၂ လ၊​ ၃လ​လောက်ကတည်း​က ဆရာ​တော်ဘုရား​ကြီး​ကို ဖူး​မြော်ဖို့​ အစီအစဉ်ရှိတယ်လို့​ သိပါတယ်။ ​နောက်ပိုင်း​ကျ​တော့​ ဆရာ​တော်ဘုရား​ကြီး​နဲ့​ အခုလို ရန်ကုန်မှာဆုံဖို့​ အခိုက်အတန့်​မကြုံတာရယ်၊​ တခြား​သော လုပ်ငန်း​တာဝန်​တွေက များ​ပြား​နေတာရယ်​ကြောင့်​ မဆုံဖြစ်တာပါ။ ဒီတခါ​တော့​ ဆိုက်ဆိုက်မြိုက်မြိုက် သွား​ပြီး​တော့​ ဖူး​မြော်တာလို့​ ကျ​နော်ထင်ပါတယ်။” မနက်ဖြန် ဒီလ (၁၆) ရက်​နေ့​က စတင်ပြီး​ ၅ ရက်ကြာ ကျင်း​ပပြုလုပ်မယ့်​ သီတဂူ အပြည်အပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်​ပွဲအခမ်း​အနား​ကို နိုင်ငံ​တော်သမ္မတအပါအဝင် ပြည်​ထောင်စု အစိုး​ရဝန်ကြီး​တွေ၊​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်အပါဝင် နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ အစိုး​ရမဟုတ်တဲ့​ လူမှု​ရေး​အသင်း​အဖွဲ့​တွေကို ဆရာ​တော်ကြီး​က ဖိတ်ကြား​ခဲ​ပေမယ့်​လည်း​ အာဏာပိုင်​တွေဘက်က နိုင်ငံ​ရေး​ပါတီ​တွေကို ဖိတ်ကြား​တာ ခွင့်​မပြုတာ​ကြောင့်​ လူပုဂ္ဂိုလ်​တွေအလိုက် ပြန်လည်ပြင်ဆင်ဖိတ်ကြား​ခဲ့​ရပါတယ်။ ဒီလိုပြင်ဆင်ဖိတ်ကြား​လွှာကို လက်ခံရရှိထား​တဲ့​ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်သန်း​သန်း​နုက အခုလို​ပြောပါတယ်။ “သူက ကျမတို့​ကို ဖိတ်စာအသစ်​ပေး​တဲ့​နေရာမှာ စာတ​စောင်တွဲပါလာတယ်။ အဲဒါက​တော့​ အတွင်း​ရေး​မှူး​ ဦး​ဟန်က လက်မှတ်ထိုး​ပြီး​ပါလာတယ်။ အဲဒီစာမှာ​တော့​ ဒီပွဲလုပ်ရတာက စစ်ကိုင်း​က ဗုဒ္ဓတက္ကသိုလ်ရဲ့​ ဌာနခွဲတခု​ပေါ့​။ မန္တ​လေး​မှာလည်း​ တခုရှိတယ်။ အခုရန်ကုန်ဌာန​ပေါ့​။ အဲဒီရန်ကုန်ဌာနခွဲရဲ့​ ဖွင့်​ပွဲကိုသူတက်​စေချင်တာလည်း​ ပါတယ်။ ​နောက်တခါ သီတဂူ ဗုဒ္ဓတက္ကသိုလ်အ​နေနဲ့​ ဗုဒ္ဓနဲ့​ ပတ်သက်တဲ့​ ထိန်း​သိမ်း​စရာ​တွေ၊​ တရား​တော်​တွေ၊​ အကုန်လုံး​ထိန်း​သိမ်း​စရာ ရှိတာ​တွေကို ဘယ်လိုထိန်း​သိမ်း​ပြုစုထား​တယ်ဆိုတာ ပြချင်တာ အဲဒါလည်း​ပါတယ်။ ​နောက်တခုက သာသနာပြန့်​ပွား​ရေး​အတွက် ဘယ်လို​ဆောင်ရွက်​နေပါတယ်ဆိုတာကို အဲဒါကို သိ​စေချင်တာလည်း​ ပါတယ်။ နိုင်ငံ​ရေး​အတွက် မဟုတ်ပါဘူး​။ အဲဒီလိုဟာ​လေး​ပါလာတယ်။ အဲဒီက​နေပြီး​တော့​ ဘယ်လိုရလဒ်​တွေ ထွက်လာမလဲဆိုတာ​တော့​ ကျမလည်း​မသိဘူး​။ ဆရာ​တော်ကြီး​က ဘယ်လိုမိန့်​မလည်း​ မသိဘူး​။ တခုရှိတာက​တော့​ ဆရာ​တော်အ​နေနဲ့​က အား​လုံး​သင့်​သင့်​မြတ်မြတ်နဲ့​ အကုန်လုံး​လက်တွဲ ​ဆောင်ရွက်ကြဖို့​ပေါ့​။ နိုင်ငံ​တော် တည်​ဆောက်​ရေး​ကာလမှာ၊​ အဲလိုပဲ ​ပြောဖို့​ရှိတာပဲ။ ဒါက​တော့​ ဆရာ​တော်အ​နေနဲ့​ ဆိုရင်လည်း​ ဒီလို​ပြောမယ်။ လူကြီး​သူမ​တွေ ​ခေါ်လည်း​ ဒီလို​ပြောမယ်။ ဒါပဲရှိတာပဲ​လေ။” သဲကုန်း​ သပိတ်အိုင်​တောရ သီတဂူဆရာ​တော် ​ဒေါက်တာအရှင်ဥာဏိဿရဟာ သီတဂူအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း​) ကို ၁၉၉၆ က စတင်တည်​ထောင်ဖွင့်​လှစ်ခဲ့​တာဖြစ်ပြီး​ မန္တ​လေး​နဲ့​ ရန်ကုန်မြို့​တွေမှာ ​ကျောင်း​တိုက်​တွေကို ထပ်မံတိုး​ချဲဖွင့်​လှစ်​နေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up