Home
မြန်မာသတင်း
နိုင်ငံရေး မူဘောင်ရေးဆွဲရေး ကိုယ်စားလှယ် ၇၀ ကျော် ဆွေးနွေး
ရွှေအောင်
·
August 15, 2015
ပြည်တွင်းပြည်ပနိုင်ငံရေးအင်အားစုများက တိုင်းရင်းသား ခေါင်းဆောင်တွေအပါအ၀င် ကိုယ်စားလှယ် ၇၀ ကျော် တက်ရောက်နေတဲ့ နိုင်ငံရေးမူဘောင်ရေးဆွဲရေး ညှိနှိုင်းစည်းဝေးပွဲတခုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ၂ ရက်ကြာ ကျင်းပပြုလုပ်နေပါတယ်။ သြဂုတ် ၁၅ နဲ့ ၁၆ နှစ်ရက်မှာ ပြည်တွင်းက တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ (ယူအန်အေ)၊ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်)၊ အန်အယ်လ်ဒီ စတဲ့ အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) စတဲ့ အဖွဲ့တွေက ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲဆီသွားဖို့ နိုင်ငံရေးမူဘောင်တွေ ညှိနှိုင်းကြတာလို့ ပြောပါတယ်။ “လာမယ့် နိုင်ငံရေးဆွေးနွေးပွဲကို ဆွေးနွေးတဲ့အခါကျရင် ဆွေးနွေးပွဲရဲ့ မူဘောင်ပေါ့၊ ဘယ်လို အစီအစဉ်တွေ ဘယ်လို ပုံစံမျိုးနဲ့ ဆွေးနွေးကြမလဲဆိုတဲ့ဟာ မူဘောင်ကို ကျနော်တို့ ညှိကြတာပါ။ သူတို့အမြင် ဘယ်လို ရှိလဲ၊ ကျနော်တို့အမြင် ဘယ်လိုရှိလဲ၊ သူ့အမြင် ကိုယ့်အမြင်ကို ညှိနှိုင်းပြီးတော့ နှစ်ဘက် နားလည်မှုရှိတဲ့ အမြင်တွေ သဘောထားတွေနဲ့ မူဘောင်ကို ညှိနှိုင်းထားဖို့ ဒါကို အဓိက ထားတာပါ။” ပြည်တွင်းပြည်ပ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေ ဒီတကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုဟာ ချင်းမိုင်မှာ ဒုတိယအကြိမ်ဖြစ်ပြီး အင်အားအများဆုံး တက်ရောက်ဆွေးနွေးကြတဲ့ ပွဲလည်း ဖြစ်ပါတယ်။ တနိုင်ငံလုံး အပစ်ရပ်စာချုပ်လက်မှတ်ထိုးပြီးရင် ၂ လအတွင်း နိုင်ငံရေးဆွေးနွေးပွဲ စတင်မှာဖြစ်လို့ အဲ့ဒီမှာ ဆွေးနွေးကြမယ့် မူဘောင်တွေကို ကြိုတင်ညှိနှိုင်းနေကြတာဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ပြည်ထောင်စုမြန်မာနိုင်ငံ) က ကမကထလုပ် ကျင်းပတဲ့ အခု ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်)ကိုယ်စားလှယ်တွေ ပထမဦးဆုံး ပါဝင်ဆွေးနွေးနေကြတာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024