ထိုင်းနယ်စပ် ကရင်နီဒုက္ခသည်စခန်းအနီး ရေကြီး

မြန်မာပြည်သားတွေ အများအပြားနေထိုင်ကြတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် နိုင်းစွယ်ဒေသ နေရာတော်တော်များများမှာ ရေကြီးရေလျှံမှုတွေဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။
ခုရက်ပိုင်းအတွင်း မိုးတွေဆက်တိုက်ရွာတာကြောင့် တောင်ကျချောင်းရေတွေ လျှံကျပြီး သြဂုတ်လ ၁၃ ရက်နေ့က နိုင်းဆွယ်ကျေးရွာ ၅ ရပ်ကွက်ထဲကို ရေတွေဝင်လာတယ်လို့ ကရင်နီဒုက္ခသည်စခန်း ပင်မရုံးနေ နော်လူမြာက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ညက ကျမတို့ရွာထဲ ရေတွေဝင်လာတယ်။ ဒီရုံးထဲမှာရော ပေါင်လယ်လောက်ထိ တက်တယ်။ အခုထိ နည်းနည်းဘဲ ကျသေးတယ်။ ပစ္စည်းတွေ အကုန်ရွှေ့နေတာ မပြီးသေးဘူး။ ရွာထဲမှာ ဘယ်နှစ်အိမ်ရေ၀င်လဲတော့ မသိဘူရှင့်၊ သွားကြည့်လို့ မရဘူး။”
နိုင်းစွယ် ၅ ရပ်ကွက်ဟာ ကရင်နီဒုက္ခသည်စခန်း အပြင်ဘက်မှာရှိပြီး မြေမြှုပ်မိုင်းကြောင့် မသန်မစွမ်းဖြစ်သွားရတွေကို ထားရှိတယ်လို့ ဆိုပါတယ်။ စခန်းတွင်းက ရေးတက်မှု အခြေအနေကိုတော့ မသိရပါဘူး။
ထိုင်း သည်နေးရှင်းသတင်းထုတ်ပြန်ချက်မှာတော့ မယ်ဟောင်ဆောင်မြို့မှာ သြဂုတ်လ ၁၃ ရက်နေ့က ရေကြီးမှုဖြစ်ပွားတာကြောင့် နားပူပွမ့်၊ ပန်မဖာ့၊ ဆွတ်ပေါင်နဲ့ ထာ့လွတ်ကျေးရွာ အုပ်စုတွေမှာ ရေတွေဝင်ပြီး ကွန်ဂရစ်တံတားတစင်းနဲ့ သစ်သားတံတား ၂ စင်းကျိုးကျ ရေထဲမြောပါသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မယ်ဟောင်ဆောင်ရဲ့ ခရီးသည်တွေကို ဆွဲဆောင်တဲ့ ဆုတောင်းပြည့်ဘုရား အသွားလမ်းမှာရှိတဲ့ ၀ါးတံတား ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်လေးစီးရေမြောပါခဲ့သလို လယ်မြေဧက ၂၀၀ ကျော် ရေနစ်မြုပ်ခဲ့တယ်လို့ ခရိုင်ဝန်ရဲ့ ပြောဆိုချက်ကိုကားဖော်ပြထားပါတယ်။
ဓာတ်ပုံ - ဌေးလွင်