ရှမ်းပြည်တောင်ပိုင်း မိုင်းပန် နှင့် ကျိုင်းတောင်းတွင် ရေကြီး



937
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်နဲ့ ကျိုင်းတောင်းမြို့နယ်ထဲမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။
ခုရက်ပိုင်းအတွင်း မိုးတွေ ဆက်တိုက်ရွာသွန်းနေတာကြောင့် လင်းခေးမြို့နဲ့ မိုင်းပန်မြို့နယ်ကြားက လွိုင်နွဲ့ရွာမှာ ရေကြီးနေတယ်လို့ မိုင်းပန်ဒေသခံ စိုင်းစိုင်းက ပြောပါတယ်။
“ရေတွေက မနေ့မနက်ကတည်းက တဖြည်းဖြည်းတက်လာတာ ဒီနေ့ထိပဲခင်ဗျ၊ ကားလမ်းပေါ်မှာ ဒူးဆစ်ကျော်တယ်။ ဆိုင်ကယ်တွေကားတွေ ရေထဲကနေသွားနေရတယ်။ ရေကနည်းနည်းလေးပဲ ကျတယ်။ လယ်ကွင်းထဲ အကုန်လုံးရေတွေ ၀င်တယ်။ ရေကတော်တော်နဲ့ မကျဘူးဆိုရင် စပါးပင်တွေ ပုပ်ပြီး ပျက်စီးသွားမှာ စိုးရိမ်ရတယ်၊ ကျန်တာတော့ ပျက်စီးဆုံးရှုံးမှု မရှိပါဘူးခင်ဗျ။”
ရေ၀င်သွားတဲ့ လယ်ကွင်းဧရိယာပမာဏကိုတော့ မှန်းဆလို့မရပေမယ့် နမ့်ပန်ချောင်း တလျှောက်က လယ်ကွက်တော်တော်များများ ရေ၀င်နေကြောင်း၊ လွိုင်နွဲ့ရွာ အရှေ့ဘက်ခြမ်းက နေအိမ် ၈ လုံးလောက်မှာလည်း ရေတွေဝင်နေတယ်လို့ ပြောပါတယ်။
ရေကြီးမှုအခြေအနေကို မြို့နယ်အုပ်ချုပ်ရေးမှူးက လာရောက်ကြည့်ရှုသွားပေမယ့် ခုထိ ဘာမှ လာမလုပ်ပေးသေးဘူးလို့ ဆိုပါတယ်။
အလားတူ မိုင်းပန် မြောက်ဘက် ကျိုင်းတောင်းမြို့နယ်ထဲမှာလည်း ကုန်းမုန့်၊ ကုန်းလုမ်း စတဲ့ကျေးရွာမှာ ရေတွေကြီးနေပါတယ်။