ဘဂ္ဂဒက် ဗုံးခွဲတိုက်ခိုက်မှု လူအယောက် ၁၀၀ ကျော် သေဆုံး

ဓာတ်ပုံ - အေအက်ဖ်ပီ
1.9K
အီရတ်မြို့တော် ဘဂ္ဂဒက်ရဲ့ စာဒါမြို့နယ်က ဈေးကို သြဂုတ် ၁၃ ရက်နေ့က ဗုံးနဲ့ တိုက်ခိုက်တာ ခံခဲ့ရလို့ အနည်းဆုံး လူအယောက် ၁၀၀ ကျော်သေဆုံးပြီး ၂၀၀ လောက် ဒဏ်ရာရတယ်လို့ ရဲဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒဏ်ရာရသူ အများအပြားက အသည်းအသန် အခြေအနေမှာ ရှိနေလို့ သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါဟာ ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီ ရာထူးဆက်ခံပြီး တနှစ်အတွင်း မြို့တော်ကို အကြီးဆုံး တိုက်ခိုက်မှုတွေထဲက တခုပါ။
ရှီးယားမွတ်စလင် ရပ်ကွက်ထဲမှာ ဗုံးနဲ့တိုက်ခိုက်မှုကို အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက သူတို့လုပ်တာလို့ အင်တာနက်မှာ သြဂုတ် ၁၃ ရက်နေ့က ကြေညာပါတယ်။
ဖောက်ခွဲရေးပစ္စည်းတွေ ထည့်ထားတဲ့ အအေးခန်းပါတဲ့ ကုန်ကားတစီး ဂျမီလာဈေးထဲမှာ မနက် ၆ နာရီလောက်က ဖောက်ခွဲခဲ့တာလို့ ရဲအရာရှိ မူဆင်းအယ်လ် ဆေးဒီက ပြောပါတယ်။
လူတွေအများကြီးသေပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ အနားက အဆောက်အဦတွေရဲ့ ထိပ်ထိ လွင့်တက်လာတယ်လို့လည်း ပြောပါတယ်။
မြို့တော်ရဲ့ အရှေ့မြောက်ဘက် ဆင်ခြေဖုံးမှာရှိတဲ့ ဒီဈေးဟာ မြို့တော်ရဲ့ အကြီးဆုံးဈေးတွေထဲက တခုဖြစ်တဲ့ လက်ကားဈေးပါ။
ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေကြားက အလောင်းတွေကို ဆွဲထုတ် နေရပါတယ်။
ပေါက်ကွဲမှုဖြစ်ရာ နေရာကို ဒေါသထွက်နေတဲ့ လူတွေ စုရုံးခဲ့ကြပြီး ပျောက်ဆုံး ဆွေမျိုးတွေရဲ့ နာမည်တွေကို အော်ဟစ် ခေါ်ငင်ငိုကြွေးနေကြပါတယ်။ တချို့ကတော့ အစိုးရကို ကျိန်ဆဲခဲ့ကြတာပါ။
ဗုံးကွဲမှုတွေရဲ့ အဓိက အကြောင်းရင်းတွေထဲက တခုက လုံခြုံရေး အကာအကွယ် ကင်းမဲ့လို့ လို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးတပ်တွေနဲ့ ပြည်သူ့စစ်အုပ်စုတွေဟာ အန်ဘာခရိုင်က အိုင်အက်စ် စစ်သွေးကြွတွေကို ပစ်မှတ်ထားနေကြပြီး ဝန်ကြီးချုပ် အဘာဒီကတော့ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို လတ်တလောရက်တွေမှာ အာရုံစိုက်နေပါတယ်။