A d v e r t i s e m e n t With Us

တာလီဘန် ခေါင်းဆောင်သစ်ကို အယ်လ်ကိုင်းဒါးက သစ္စာခံထားသည့် အသံဖိုင် ဖြန့်ချိ

အာဖဂန်တာလီဘန်ခေါင်းဆောင်သစ် မူလာမန်ဆော့ကို အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့က သစ္စာခံကြောင်းပြောဆိုထားတဲ့အသံဖိုင်တခု ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့က အင်တာနက် လူမှုကွန်ရက်ပေါ် တက်လာခဲ့ပါတယ်။ တာလီဘန်ခေါင်းဆောင်သစ် မူလာမန်ဆော့ (Mullah Mansour) ကို သစ္စာခံကြောင်း အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုင်မန် အယ်လ် ဇ၀ါဟီရီ ပြောဆိုထားတဲ့ ဒီအသံဖိုင်ကို အယ်လ်ကိုင်းဒါး အယ်ရှာဘတ်အဖွဲ့ခွဲက တင်ခဲ့တာပါ။ ဒါဟာ အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇ၀ါဟီရီ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက လူမှုကွန်ရက်ပေါ် တက်လာပြီးနောက်ပိုင်း ပထမဆုံးပြန်တက်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက တာလီဘန်ခေါင်းဆောင်ဟောင်း မူလာအိုမာ (Mullah Omar) သေဆုံးခဲ့မှုကို တာလီဘန်က အတည်ပြုခဲ့အပြီး အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇ၀ါဟီရီလည်း သေဆုံးခဲ့ပြီဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဇ၀ါဟီရီက မူလာအိုမာသေဆုံးခဲ့တဲ့အတွက် ၀မ်းနည်းကြောင်း ဒီအသံဖိုင်ထဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့နဲ့ ခေါင်းဆောင် ဇ၀ါဟီရီက တာလီဘန်ခေါင်းဆောင်ဟောင်း မူလာအိုမာကို တကမ္ဘာလုံး မွတ်စလင်ဘာသာရေးစစ်ပွဲတွေအားလုံးရဲ့ တဦးတည်းသောခေါင်းဆောင်အဖြစ် အသိအမှတ် ပြုထားပေမယ့် အယ်လ်ကိုင်းဒါးပြိုင်ဖက် အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကတော့ ဒါကို လက်မခံပါဘူး။ အရှေ့အလယ်ပိုင်းကို အခြေခံတဲ့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကတော့ အရင် အယ်လ်ကိုင်းဒါး အခြေခံဒေသတွေထဲကို တဖြည်းဖြည်း ချဲ့ထွင်နေပါတယ်။ မူလာမန်ဆော့ကို တာလီဘန်ခေါင်းဆောင်သစ်အဖြစ် အများရဲ့ သဘောတူညီမှုနဲ့ တင်မြှောက်ခဲ့တာ မဟုတ်ခဲ့တဲ့အတွက် တာဘီဘန်ခေါင်းဆောင်တွေအကြား မကျေနပ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အယ်လ်ကိုင်းဒါးခေါင်းဆောင်ဖြစ်သူ ဇ၀ါဟီရီက အခုလို ထောက်ခံပေးလိုက်တဲ့အတွက် မူလာမန်ဆော့က ပိုပြီးတရားဝင်သွားတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up