အိန္ဒိယ ကိုချီလေဆိပ်တွင် ကြယ်လိပ်အရှင် ၂၀၀ ဖမ်းဆီးမိ (ရုပ်သံ)

အိန္ဒိယနိုင်ငံတောင်ပိုင်း ကိုချီမြို့မှာ အကောက်ခွန်အရာရှိတွေက မလေးရှားက လာတဲ့ အမျိုးသားတဦးဆီက ကြယ်လိပ်အရှင် အကောင် ၂၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး သူ့ကို ဖမ်းခဲ့တယ်လို့ ရဲတွေက သြဂုတ် ၁၂ ရက်နေ့မှာ ပြောပါတယ်။ မာဟက်ရှ်လို့ခေါ်တဲ့ စွပ်စွဲခံ အမျိုးသားဟာ ကိုချီနိုင်ငံတကာ လေဆိပ်မှာ သယ်လာတဲ့ ကုန်စည်းတွေကို အမျိုးအမည် မကြေညာဘဲ အာဏာပိုင်တွေကို ရှောင်ထွက်သွားဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် သူ့ခရီးဆောင်အိတ်ကို စစ်ဆေးရာမှာ ရူပီးငွေ ၅ သန်းကျော်တန်ဖိုးရှိ ဝှက်ယူလာတဲ့ လိပ်တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လေကြောင်းထောက်လှမ်းရေးတပ်ဖွဲ့ လက်ထောက် ကော်မရှင်နာမင်းကြီး စန်ဂျေး ဘန်ဂါတာလေ က သူ့ကို သြဂုတ် ၁၁ ရက်နေ့က ဖမ်းလိုက်တယ်လို့ ပြောပါတယ်။ ကြယ်လိပ်တွေဟာ မျိုးသုဉ်း ပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ သားရိုင်းနဲ့ ပန်းမန်များ နိုင်ငံတကာ ကုန်ကူးမှု တိုက်ဖျက်ရေး သဘောတူညီ ချက် နောက်ဆက်တွဲအပိုဒ် ၂ မှာ စာရင်းပြုစုထားတဲ့ မျိုးစိတ်ဖြစ်ပါတယ်။ ခရီးသည်ဟာ ကြယ်လိပ်တွေကို သူ့အသိအကျွမ်း မလေးရှားနိုင်ငံသားကို လက်ဆင့်ကမ်းပေးမှာလို့ ပြောခဲ့ကြောင်း၊ သူဟာ ဘန်ဂလောမြို့က တခြား လမ်းဘေးဈေးသည်ဆီကနေ ကြယ်လိပ်တွေကို ရခဲ့တယ်လို့ ဆိုပါတယ်။ ကြယ်လိပ်တွေရဲ့ နိုင်ငံခြားဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ ၈ သိန်း ၈ သောင်းနီးပါးနဲ့ ညီတဲ့ ရူပီးငွေ ၅.၇ သန်းတန်တယ်လို့ ဘန်ဂါတာလေက ပြောပါတယ်။ ဒီအမှုကို အကောက်ခွန်ဌာနက သာမက သစ်တောဌာနကပါ သီးခြား စုံစမ်းစစ်ဆေးနေပါတယ်။ ကြယ်လိပ်တွေက နိုင်ငံတကာမှာ အိမ်မွေးတိရစ္ဆာန်အဖြစ် လူကြိုက်များပါတယ်။

More News
Up