ဥရောပထဲ ၀င်ဖို့ကြိုးစားသူ ၅၀၀ ကို အိုင်ယာလန်ရေတပ် ကယ်ဆယ် (ရုပ်သံ)

ဥရောပထဲကို ရေကြောင်းကနေ၀င်ဖို့ ကြိုးစားသူ အယောက် ၅၀၀ ကို အိုင်ယာလန်ရေတပ်က လစ်ဗျားကမ်းလွန်  မြေထဲပင်လယ်ပြင်ကနေ ဆယ်ယူပြီး သြဂုတ် ၁၁ ရက်နေ့က အီတလီနိုင်ငံ စီစီလီယံ ကမ်းခြေဆီကို ဘေးကင်းစွာ ပို့လိုက်ပါတယ်။ အများစုက ဆာဟာရတပိုင်းဒေသက ဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ် ၁၀ နဲ့ ၁၁ ရက်နေ့က  မြေထဲပင်လယ်ထဲမှာ ဆယ်ယူခဲ့ရတဲ့ လူ ၁၇၀၀ ပါ အုပ်စုထဲက တချို့ဖြစ်ပါတယ်။ သြဂုတ် ၁၀ ရက်နေ့က ၁၅၅၂ ယောက်ကို ကယ်တင်ခဲ့ရပြီး သြဂုတ် ၁၁ ရက်နေ့မှာ နောက်ထပ် ၂၀၀ ကို ဆယ်ယူခဲ့ရတယ်လို့ အီတလီရေတပ်က ပြောပါတယ်။ ပင်လယ်ပြင် အခြေအနေဟာ သြဂုတ် ၁၂ ရက်နေ့မှာ ဆိုးရွားခဲ့ပြီး လေပြင်းနဲ့ ၆ မီတာလောက်ထိ အမြင့်ရှိမယ့် လှိုင်းတွေ ဖြစ်ပေါ်လာနိုင်တာကိုလည်း သတိပေးခဲ့တယ်လို့ သတင်းဌာနတွေက အစီရင်ခံပါတယ်။ ဒီနှစ်ထဲမှာ ဥရောပဆီကို လှေနဲ့ဝင်ဖို့ ကြိုးစားတဲ့ လူအယောက် ၂၀၀၀ ကျော် သေဆုံးခဲ့ပြီး  မနှစ်က ၁ နှစ်လုံးမှာ ၃၂၇၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာမှာ  ပြောင်းရွှေ့နေထိုင်သူများအရေး ဆောင်ရွက်နေတဲ့ အိုင်အိုအမ်အဖွဲ့က ဆိုပါတယ်။ ဒီနှစ်ထဲမှာ အီတလီနိုင်ငံကို ရောက်ရှိသွားတဲ့ ပြောင်းရွှေ့အခြေချသူ အယောက် ၉ သောင်း ရှိသွားပြီလို့ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ပြောပါတယ်။ မနှစ်တုန်းက ဒုက္ခသည် ၁ သိန်း ၇ သောင်းကို အီတလီက လက်ခံခဲ့ရပါတယ်။ ဒီနွေမှာ အီတလီနဲ့ ဂရိဆိပ်ကမ်းတွေဆီကို လူတွေ အစုလိုက်အပြုံလိုက် ဆိုက်ရောက်သွားတဲ့အတွက် အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် ထွက်ပြေးသူတွေအရေးဟာ အရေးတကြီး ဖြေရှင်းရမယ့်ကိစ္စ ဖြစ်လာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up