
ကချင်ပြည်နယ် မိုးမောက်မြို့နယ် တာပိန်ရေအားလျှပ်စစ် စက်ရုံနားက ဘွန်ဆန်တောင်ကုန်းမှာ တပ်စွဲထားတဲ့ ကေအိုင်အေ – ကချင်လွတ် လပ်ရေးတပ်မတော် တပ်မဟာ ၃ တပ်ရင်း ၁၅ ကို စနေနေ့ကတည်းက လက် နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့ရာက မနေ့က မနက် ၁ဝ နာရီလောက်ကစပြီး ပစ်ခတ် မှုလျော့သွားပြီး မွန်းလွဲပိုင်းကစပြီး ပစ်ခတ်မှု ရပ်သွားတယ်လို့ ကေအိုင်အို တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးလနန်းက ပြောပါတယ်။
“သူတို့ရဲ့ ဒီလက်နက်ကြီး နေရာချထားတဲ့နေရာရယ်။ အဲဒီလက်နက်ကြီး ချတဲ့နေရာရယ်မှာ သူတို့ ဗုံးကျဉ်ဆန်တွေ လှောင်ထားတဲ့ ဂိုဒေါင်တခုကို ကျနော် တို့ရဲ့ ပစ်လိုက်တဲ့ လက်နက်ကြီးတခုက သွားကျတော့ အဲဒီက လက်နက်ကြီး တပ် ဖွဲ့ဝင်တွေအားလုံး ဒဏ်ရာရတယ်။ ကျဆုံးတယ်။ နောက်ပြီးတော့ သူတို့ရဲ့ ပုံထား တဲ့ လက်နက်ပုံကြီးပေါ်မှာကို ကျနော်တို့ရဲ့ လက်နက်ကြီးသွားကျတော့ အဲဒီမှာ အားလုံးပေါက်ကွဲပြီးတော့ သူတို့ရဲ့ လက်နက်ကြီးတော်တော်လေး ပျက်စီးမှုဖြစ် သွားတယ်၊ တပ်ပျက်တဲ့ပုံစံဖြစ်သွားတယ်။”
ဗိုလ်မှူးရော်ဘင် ဦးဆောင်တဲ့ ကေအိုင်အေတပ်ရင်း ၁၅ ဟာ မူလတောင်ကုန်းကနေ ဖယ်ရှားပြီး ဘွန်ဆန်တောင်ကြောပေါ်က ပိုမြင့်တဲ့ တောင်ကုန်းတခုပေါ် ပြောင်းရွှေ့တပ်စွဲပြီး အစိုးရစစ်တပ်ကို ရင်ဆိုင်နေတာဖြစ်ပါတယ်။
အစိုးရစစ်တပ်ဘက်က တပ်ရင်း ၁ဝ ရင်း၊ လူအင်အား ၈၀၀ လောက်နဲ့ တိုက်ခိုက်နေတာဖြစ်ပြီး လက်နက်ကြီးတွေကို အဓိကအသုံးပြုပြီး ပစ်ခတ်နေတာ ဖြစ်ပြီး ကေအိုင်အေဘက်က လက်နက်ကြီးနဲ့ တုံ့ပြန်ရာမှာ အစိုးရစစ်တပ်ဘက်က လက်နက်ကြီးတပ်ကို ထိခိုက်ပြီးနောက် ခုလို အပစ်ရပ်သွားတာဖြစ်ပါတယ်။
ဒါပေမယ့် စစ်ပွဲကတော့ ရပ်သွားမယ့်ပုံမပေါ်ဘဲ အစိုးရတပ်ဘက်က အင် အားတိုးမြှင့်လာတာကြောင့် တိုက်ပွဲဆက်ဖြစ်မယ့် အလားအလာရှိနေပြီး ကေအိုင်အေဘက်ကတော့ တပြည်လုံးမှာ ခုခံစစ်ဆင်နွှဲသွားဖို့ အမိန့်ပေးပြင်ဆင်ထားပြီလို့ ဦးလနန်းက ပြောပါတယ်။
“အခုသူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေက အဲဒီဘွန်ဆန်တဝိုက်သာမက ဗန်းမော်၊မြစ်ကြီးနား၊ ကားလမ်းတလျှောက်မှာ သူတို့တပ်ရဲ့ လှုပ်ရှားမှုတွေက ပိုတိုး လာတယ်။ နောက်ပြီးတော့ အောင်ပန်းကနေ မန္တလေးတို့ဘက်က ဗန်းမော်ဘက် ကို အင်အားတွေ ဖြည့်တင်းလာတဲ့သတင်းတွေလည်း ကြားနေရတယ်။ သူတို့ရဲ့ စစ်အင်အားပြင်ဆင်မှုဟာ လျော့သွားတဲ့အခြေအနေတော့ မရှိဘူး။ အဲဒီပုံစံအပေါ် မှာ သေနတ်သံငြိမ်သွားတာက သူတို့ရဲ့ အထိအခိုက် အများအပြား ရှိသွားတဲ့အ တွက်မို့ တိုက်ပွဲ ခနငြိမ်သွားတဲ့သဘောလို့ပဲ ယူဆတယ်။”
ဒီတိုက်ပွဲကာလအတွင်း မြန်မာအစိုးရတပ်က ညှဉ်းပန်းသတ်ဖြတ်ခဲ့တဲ့ ကေအိုင်အေ ဒု-တပ်ကြပ်တဦး သေဆုံးတာ အပါအဝင် ကျဆုံးသူ သုံးဦးရှိပြီး တဦး ဒဏ်ရာရတယ်လို့ ကေအိုင်အေက ပြောပါတယ်။ အစိုးရတပ်ဘက်ကတော့ ထိခိုက်ဒဏ် ရာရသူပေါင်း တရာနီးပါးရှိပြီး မိုးမောက်နဲ့ ဗန်းမော်ဆေးရုံတို့မှာ ရောက်ရှိနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။
အစိုးရစစ်တပ်ဘက်က နောက်ထပ်တပ်အင်အားတွေ ဗန်းမော်ဆိပ်ကမ်းကို မနေ့ကစတင်ရောက်ရှိလာပြီလို့ ဒေသခံတဦးက ပြောပါတယ်။ မိုးမောက်နဲ့ ဗန်း မော် အခြေအနေကို ဒေသခံက ခုလိုပြောပြပါတယ်။
“ဗန်းမော်ဘက်ကနေပြီးတော့ တပ်မတခုလောက်ရှိတယ် ရောက်လာတာ။ မနေ့ညနေပိုင်း ၂ နာရီလောက်က။ နေပြည်တော်ကလာတာ။ ပြီးတော့ လူကြီး ၂ ယောက်လည်း ညှိနှိုင်းဖို့ လာတယ်လို့တော့ အဲလိုမျိုးပြောသံတွေလည်း ကြားနေရတယ်။ ဗန်းမော်ဒေသခံတွေရဲ့ အပြောအရပေါ့။ ရောက်တော့ရောက်နေပြီလို့ ပြော တယ်။ ကျောင်းတွေကတော့ ပိတ်လိုက်ပြီ။ ဗန်းမော်ကျောင်းကတော့ ဖွင့်သေး တယ်။ အခုတော့ ကျောင်းပိတ်ဖို့ ဆွေးနွေးနေတုန်းပဲ။ ဒီလိုင်ဇာဝန်းကျင် တော်တော်များများမှာ စစ်အင်အားတွေကို စစ်အစိုးရဘက်က တော်တော်ချထားတယ်။”
အစိုးရစစ်တပ်က ပေါ်တာဆွဲလို့ ဒေသခံကချင်ပြည်သူတွေ ကေအိုင်အေ ဘက်ကို ထွက်ပြေးနေတယ်လို့လည်း ပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေ လိုင်ဇာ မြို့ဘက်ကို ထွက်ပြေးရောက်ရှိလာနေပြီး အစိုးရတပ်ဘက်က ပေါ်တာဆွဲနေပုံကိုလည်း ဒေသခံက ခုလိုပြောပြပါတယ်။
“လက်နက်ကြီးနဲ့ တအားပစ်တယ်။ ဒေသခံတော်တော်များများကတော့ အဲဒီ ဗန်းမော်-မြစ်ကြီးနားလမ်းနားက ရွာငယ်တွေပေါ့။ တော်တော်များများ ဒီလိုင်ဇာဘက်ကို ထွက်ပြေးလာကြပြီ။ ခန့်မှန်းခြေတော့ ၅ဝဝ ကျော်လောက်တော့ ရှိမယ်။ ထောင်သားတွေက ၁ဝ ရက်နေ့ ညနေပိုင်းလောက်မှာ ဗန်းမော်ကနေ ရှေ့ တန်းကို ပြန်ပို့လိုက်ပြီ။”
ဒီစစ်ပြေးဒုက္ခသည်တွေကို ကေအိုင်အိုဘက်က ကူညီဖို့ ပြင်ဆင်ထားပုံတွေကို ဦးလနန်းက ခုလိုပြောပြပါတယ်။
“ကျနော်တို့လည်း ရောက်လာတဲ့လူထုတွေကို ကူညီဖို့အတွက် ကော်မတီ ကို အရေးပေါ်ဖွဲ့စည်းပြီးတော့ သူတို့ကို နေရာချထားတာမျိုး၊ စားရေးသောက် ရေးနဲ့ အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ နောက်ပြီးတော့ အဲဒီမှာပါတဲ့ ကလေးတွေအတွက်လည်း ကျနော်တို့ ဒေသမှာဖွင့်ထားတဲ့ ကျောင်းတွေမှာ အဖြစ် နိုင်ဆုံး အချိန်ဇယားတွေ ညှိနှိုင်းပြီးတော့ ကျနော်တို့ ကေအိုင်အိုက ဖွင့်ထားတဲ့ ကျောင်းတွေမှာ ဆက်သင်ကြားနိုင်အောင် စီမံချက်တွေ စပြီးတော့ လုပ်ဆောင် နေကြပါပြီ။”