အာဏာရပါတီကို သူရဦးရွှေမန်းအစား ဦးဌေးဦးက ဦးဆောင်မည်

2.7K
လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပါတီဒုဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားလိုက်ပြီး ပါတီဗဟိုကော်မတီကို ပြန်လည်စုဖွဲ့ပြီးပြီလို့ ပါတီက ဒီနေ့ကြေညာပါတယ်။
ပါတီရဲ့တရားဝင် ဥက္ကဋ္ဌဟာ သမ္မတဦးသိန်းစိန်သာဖြစ်တယ်လို့ ပါတီထုတ်ပြန်ချက်က ထပ်မံရှင်းလင်းထားပြီး ဦးသိန်းစိန် သမ္မတတာဝန်ထမ်းဆောင်နေခိုက် ပါတီဥက္ကဋ္ဌတာဝန်ကို ပါတီဒုဥက္ကဋ္ဌ ဦးရွှေမန်းကို ထမ်းဆောင်စေတာဖြစ်တယ်လို့ဆိုပါတယ်။ အခုတော့ ဒီတာဝန်ကို ပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးက ပူးတွဲထမ်းဆောင်ဖို့ တာဝန်ပေးခန့်အပ်ပါတယ်။
အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းနဲ့ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကိုတို့လည်း ပြန်လည်စုဖွဲ့တဲ့ ဗဟိုကော်မတီမှာ ပြန်လည်ပါဝင်လာခြင်းမရှိတော့ဘဲ တခြားပုဂ္ဂိုလ်တွေနဲ့ လူစားထိုးခန့်အပ်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေနဲ့ပတ်သက်လို့ ဝေဖန်ချက်ဆောင်းပါးတွေ ရေးသားနေကြတဲ့ သတင်းစာဆရာ စည်သူအောင်မြင့်နဲ့ စာရေးဆရာ ထက်မြက်တို့ကို အမြင်သဘောထားမေးမြန်းထားပါတယ်။
သတင်းစာဆရာ စည်သူအောင်မြင့်
“ဒီဥစ္စာက အစောကြီးကတည်းက ဖြစ်ပျက်နေတဲ့ ပါတီတွင်းရဲ့ ဂိုဏ်းဂဏတိုက်ပွဲပေါ့နော်။ အဲဒါရဲ့အဆုံးသတ်အဖြေတခု။ ဒီလိုပဲ ပြောလို့ရတယ်။ ပြီးတော့မှ ပြည်ခိုင်ဖြိုးပါတီ ဆိုတာ ကလည်း သူ့ထူးခြားချက်က ဘာလဲဆိုတော့ တခြား ပြည်သူတွေ တည်ထောင်ထားတဲ့ ပါတီမျိုးတွေနဲ့သူက မတူဘူး။ လက်ရှိအခြေအနေဆိုရင် အဲဒီပါတီနဲ့ဆက်စပ်နေတာ ပါတီရယ်၊ အစိုးရအဖွဲ့ရယ်၊ တပ်မတော်ရယ် အားလုံးက သူက ဆက်စပ်နေတယ်။ စပြီးတော့ ပေါ်လာတာ ကလည်း တပ်ကပဲ ဖွဲ့စည်းထားပေးတာ။ အဲဒီတော့ ဒီသုံးခုအထဲမှာ သူတို့ရှင်းကြတဲ့အခါကျတော့ ဒါကိုကျနော်တို့က ဟိုဟာဟုတ်မဟုတ် ဆန်းစစ်တာပေါ့။ ပါတီတွင်းပြဿ နာသက်သက် ဟုတ်မဟုတ်ပေါ့။ ဒါ ပါတီတွင်းပြသနာပါပဲ။ အဲဒီတော့ သူတို့ အဲသလို လုပ်လိုက်လို့လည်း မြန်မြန်ဆန်ဆန်လုပ်တာတွေ ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲကို မထိခိုက်စေချင်လို့ ဆိုတာလည်း ပါတယ်။ ရွေးကောက်ပွဲဟာ ကျနော်တို့နားလည်တာကတော့ ပုံမှန်အတိုင်း သူဆက်သွားလိမ့်မယ်။
“အဲဒီဥစ္စာ သင်ခန်းစာယူဖို့က စပြီးတော့မှ ပြည်ခိုင်ဖြိုးပါတီ ပေါ်ပေါက်လာတာကိုက သန္ဓေ မမှန်ဘူး။ ဒါက တကယ့်ကိုဖြစ်သင့်ဖြစ်ထိုက်လို့လုပ်တာမဟုတ်ဘူး။ ပြည်ခိုင်ဖြိုးပါတီကို အရင်အာဏာရှင်တွေက ဘာလို့တည်ထောင်ထားသလဲဆိုရင် ဒီတပ်က ထိပ်ပိုင်း ခေါင်းဆောင် တွေ သမ္မတရာထူးတို့၊ အစိုးရရာထူးတို့ယူဖို့အတွက်ကို ဖျာခင်းထားတဲ့ပါတီတခုလို့ ကျနော်တို့ နားလည်ရတယ်၊ ဆိုတော့ ပေါ်ပေါက်တာမမှန်တဲ့အခါကျတော့ သူ့အတွင်းမှာ ဖြေရှင်းတဲ့ နည်းတွေကလည်း ဘယ်လိုမှ မှန်နိုင်မှာမဟုတ်ဘူး။ ဒီလိုအတိုင်းဆက်သွားရင် ဒီလို နောင်နောင်လည်း ဖြစ်ကောင်းဖြစ်လာနိုင်စရာ ရှိတယ်လို့ပဲ မြင်တယ်။”
“အဓိကကတော့ သူတို့လုပ်တာကတော့ ပုဂ္ဂိုလ်ရေးပိုဆန်ပါတယ်။ ပုဂ္ဂိုလ်ရေး ပိုဆန်တယ် ဆိုတာက ပြဿ နာစပြီးတော့ ပေါ်လာတာက သူရဦးရွှေမန်းက သူ သမ္မတဖြစ်ချင်တယ်လို့ ပြောတယ်။ သူက မျှော်မှန်းချက်ကြီးတာပေါ့။ ကြီးတော့ သူမျှော်မှန်းချက်ပြည့်အောင်၊ သူအောင်မြင်အောင်ပေါ့နော် နည်းပေါင်းစုံနဲ့သူလုပ်တယ်။ ကြိုးစားတယ်ပဲပြောပြော နည်းပေါင်းစုံ နဲ့ သူလုပ်တဲ့အခါကျတော့ အရင်စစ်အာဏာရှင်တွေ ချပေးတဲ့လမ်းကြောင်းကနေ သွေဖည် သွားတာတွေ အများကြီးပဲ။ နောက်ဆုံးဆို ဘယ်လိုလုပ်လာသလဲဆိုတော့ တပ်ကအရာရှိတွေ ၁၄၀ လောက် ၀င်လာမယ့်ကိစ္စကို လက်မခံတာတို့၊ ပြီးတော့မှ ဦးသိန်းစိန်ကို ကန်ထုတ်ဖို့ပေါ့ တကယ့်ကို ကန်ထုတ်ဖို့လုပ်တဲ့ ဥပဒေပြဌာန်းဖို့ ကြိုးစားတာတို့ သူအကုန်လုပ်ခဲ့တယ်လေ။ လုပ်ခဲ့တဲ့ အခါကျတော့ ပုဂ္ဂိုလ်ရေးဆန်တဲ့အခါကျတော့ ဒါပုဂ္ဂိုလ်ရေးအရ သူတို့ ဒီလူကို ဖယ်ရှားပြီးရင်တော့ ကျန်တာတွေကိုတော့ ဒီလောက်တော့ သိပ်အရေးတကြီးထားမယ့်ပုံတော့ မတွေ့ရပါဘူး။ ”
စာရေးဆရာ ထက်မြက်
“ပြည်ခိုင်ဖြိုးပါတီဆိုတာက ပါတီသက်တမ်း ၅ နှစ်ကျော်ပေါ့လေ ဖြစ်လာတာပေါ့။ သက်တမ်း ၅ နှစ်ပေါ့။ ၂၀၁၀ ရွေးကောက်ပွဲကို စ၀င်ပြီး ၂၀၁၅ ခုနှစ် ၅ နှစ်ကာလမှာ အခုလိုပါတီတွင်း အကွဲအပြဲတွေ ဖြစ်လာတဲ့ဟာ။ ဒါကတော့ သိပ်အဆန်းတကြယ်တော့ မဟုတ်ဘူး။ ရှင်းရှင်းပြောရရင်တော့ အာဏာလုပွဲလို့ ပြောရမှာပဲ။ အာဏာလုပွဲမှာ အဝေမတည့်တဲ့ အခါကျတော့ အဝေမတည့်သလို အသာစီးရတဲ့လူ၊ သူတို့က တကယ်ဒီမိုကရေစီပါတီ မဟုတ်တော့ သူတို့ကိုချုပ်ကိုင်ထားတဲ့ နောက်ကွယ်က ဥပမာဆိုပါတော့ ဗိုလ်သန်းရွှေတို့လို နောက်က အာဏာရှင်ဟောင်းတွေရဲ့ ချုပ်ကိုင်မှုနဲ့အတူ သူတို့ထဲမှာလည်း အခုလို အာဏာလုပွဲ ဖြစ်လာတယ်လို့ ထင်တယ်။ အဲဒါမျိုးက အရင် မဆလ ပါတီတုန်းက ဗိုလ်နေ၀င်း ရှိစဉ်တုန်း ကလည်း အာဏာလုပွဲတွေ ဖြစ်ခဲ့ကြတာပဲ။ အဲဒါက ဆက်ကာဆက်ကာတွေ ဖြစ်သလို ထောင်ထဲမှာလည်း အဲဒီထိပ်တန်းခေါင်းဆောင်တွေဟာ အကြောင်းပြချက်ပြစ်မှုမျိုးစုံနဲ့ ၀င်ခဲ့ကြရတာပဲ။ အဲဒီတော့ အခုလည်း ဒီ ဦးရွှေမန်းကို သူတို့ဖယ်တယ်ဆိုတာက အစောကြီးကတည်းက ဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့ကြား သူတို့ခေါင်းဆောင်လုပွဲဖြစ်ခဲ့ကြတာပဲ။ အဲဒါ ဦးရွှေမန်းကလည်း သူဟာ ဥက္ကဋ္ဌအဖြစ်နဲ့ ဦးသိန်းစိန်ကလည်း သူလည်း ဒီဥစ္စာက အာဏာရှိအစိုးရသမ္မတတဦးအနေနဲ့ဆိုတဲ့ဟာမှာ အချင်းချင်း ကွဲပြီးတော့ အဲဒီကတည်းက စလာတဲ့ဟာက အခုလည်းကျတော့ ပြတ်ပြတ်သားသားဖြစ်လာတဲ့ဟာပဲ။ အဲဒီတော့ အရေးကြီးတာက သူတို့က ဘာလဲဆိုတဲ့အခါကျတော့ ထိပ်ပိုင်းမှာကွဲနေတဲ့ သူတို့ ခေါင်းဆောင် အကွဲအပြဲမှာ ဘယ်သူက အင်အားအကောင်းဆုံးဖြစ်တဲ့ စစ်တပ်က ဘယ်သူ့ကို ထောက်ခံသလဲဆိုတာပဲ။ အခု စစ်တပ်က ဦးသိန်းစိန်တို့အုပ်စုကို ထောက်ခံလိုက်ပုံရတယ်။ တနည်းပြောရရင် ဦးသိန်းစိန်ကို ထောက်ခံတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်အသစ်တွေ ကနေပြီးတော့ ဦးရွှေမန်းအုပ်စုကို ဖယ်ရှားပစ်လိုက်တယ်လို့ ယူဆပါတယ်။ ဒါကလည်း ရှင်းနေတယ်။ အခုရွေးကောက်ပွဲမှာ သူတို့အနေနဲ့ ဆက်ပြီးတော့ အာဏာရဖို့နဲ့ ဆက်ပြီးတော့ သူတို့ရဲ့ စစ်အာဏာရှင်စနစ်၊ သက်စိုးရှည်ဖို့အတွက် အခုလို နည်းနည်းလေး ပျော့မယ့်သူမျိုးတွေ ကို ဖယ်လိုက်တာက အဆန်းတကြယ်မဟုတ်ဘူးလို့ပဲ ယူဆပါတယ်။ ဗမာပြည်သူတွေအပေါ် အကျိုးသက်ရောက်မှုကတော့ ဒီပြည်ခိုင်ဖြိုးပါတီက ဗမာပြည်သူတွေအပေါ် အကျိုးပြုခဲ့တဲ့သမိုင်းမှ မရှိတာပဲ။ အဲဒီတော့သူတို့ဆက်ပြီး ညီညီညွတ်ညွတ်ရှိနေရင်လည်း အကျိုးသက်ရောက်မှု မရှိပါဘူး။ အခု အကွဲအပြဲဖြစ်လာတဲ့အတွက်လည်း အကျိုးသက်ရောက်မှု မရှိပါဘူး။ ဒါပေမယ့် တခုရှိတာက အဲဒီလို တယောက်နဲ့တယောက် အာဏာလုပြီး ကွဲပြားနေတယ်ဆိုရင်တော့ နိုင်ငံရဲ့တည်ငြိမ်မှု တစုံတရာထိခိုက်ရင် ပြည်သူတွေအတွက်လည်း တည်ငြိမ်မှု ထိခိုက်နိုင်တာ ပေါ့။ တကယ်တော့ ပြည်ခိုင်ဖြိုးပါတီအကွဲအပြဲက စစ်အာဏာရှင်တွေကြားထဲမှာ စားခွက်လုပွဲ လို့ပဲ ယူဆတဲ့အတွက် ဒါဟာ ပြည်သူတွေအတွက် သိပ်ထိခိုက်တဲ့ ထိခိုက်မှုမျိုး မဟုတ်ဘူးလို့ပဲ သုံးသပ်ချင်တယ်။
“ဦးရွှေမန်းက အစကတည်းက လွှတ်တော်ကိုလည်း ကိုင်ထားနိုင်သလို ပြည်ခိုင်ဖြိုးရဲ့ ဥက္ကဌအဖြစ်လည်း ပြည်ခိုင်ဖြိုးက ဒီမိုကရေစီလမ်းကြောင်းကို သွားချင်တဲ့လူတွေနဲ့ အင်အားကို ဦးရွှေမန်းကြောင့် ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်တို့လို ဒီမိုကရေစီအင်အားစုတွေက ရနိုင်စရာရှိပါတယ်။ ဒါပေမယ့်လည်းအဲဒါကို စစ်တပ်က ခွင့်ပြုမှာ မဟုတ်ဘူး။ စစ်တပ်ကိုယ်နှိုက်က ၂၀၀၈ ဖွဲ့စည်းပုံကို အသေကိုင်ထားတာကြည့်ခြင်းအားဖြင့် သူတို့ လောလောဆယ်မှာ ဘယ်လိုနည်းနဲ့မှ စစ်တပ်ရဲ့သြဇာနဲ့ ဥပမာ အနိမ့်ဆုံး စစ်ဗိုလ်တမတ်သားပါဝင်နေတဲ့ လွှတ်တော်မျိုးပေါ့လေ။ အဲဒါမျိုးကို သူတို့က ဖယ်ပေးမှာ မဟုတ်တော့၊ ဦးရွှေမန်းရှိတုန်းက ဒီမိုကရေစီရဲ့ အလားအလာရှိသလားဆိုတော့ ဒီမိုကရေစီ အတွက်အထောက်အကူဖြစ်တယ်၊ အလားအလာတော့ မရှိသေးဘူး။ ဒါပေမယ့် ဦးရွှေမန်းကို အခုလို ဖယ်လိုက်ပြီဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်အတွက် အင်အား နည်းသွား သလို သူကိုယ်နှိုက်က ဒီမိုကရက်တစ်စိတ်ဓာတ်က ရှိနေတယ်ဆိုရင်တော့ ပြည်သူအတွက်ကတော့ ဒီမိုကရေစီလိုလားသူတယောက် ကျဆုံးသွားတယ်ဆိုပြီး အတိုင်းအတာ ဆိုတာ အတိုင်းအတာ နည်းနည်းလောက်ပဲ ထိခိုက်မှုရှိလိမ့်မယ်။ ဒီမိုကရေစီ ရရှိရေးဆိုတာက ပြည်သူ့အင်အားပဲ အရေးကြီးပါတယ်။ လွှတ်တော်နိုင်ငံရေးမှာ လွှတ်တော်ထဲက ဒီမိုကရေစီယူမယ်ဆိုတဲ့ စိတ်ကူးယဉ်တဲ့ဟာတွေကလည်း အခုဆိုရင် ပိုပြီးတော့ ပြိုသွားပြီလို့ အခိုင်အမာပြော ရလိမ့်မယ် ထင်တယ်။ ”