မြောက်ကိုရီးယား ဒု-၀န်ကြီးချုပ်ကို ကွပ်မျက်လိုက်ကြောင်း ယုံဟပ်သတင်းဌာန အစီရင်ခံ

မြောက်ကိုရီးယား ဒု-ဝန်ကြီးချုပ် ချိုးယောင်ဂွန်းကို သေနတ်ပစ်တပ်ဖွဲ့က ပစ်ခတ်ကွပ်မျက်လိုက်ပြီလို့ တောင်ကိုရီးယား သတင်းဌာန ယုံဟပ်က သြဂုတ် ၁၂ ရက်နေ့က အစီရင်ခံပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ မူဝါဒတွေကို မကျေနပ်ကြောင်း ပြခဲ့အပြီး ဒီနှစ်ထဲမှာ ခုလိုသုတ်သင်တာလို့ အမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကားဖော်ပြခဲ့တာပါ။
အသက် ၆၃ နှစ်အရွယ် ချိုးယောင်ဂွန်းဟာ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်ခဲ့ပါတယ်။
ဒါဟာ ၂၀၁၁ နှောင်းပိုင်းမှာ ကင်ဂျုံအန်း အာဏာရအပြီး အဆင့်မြင့်အရာရှိတွေကို သုတ်သင်မှု အတွဲလိုက်ထဲမှာ အကြီးတန်း အရာရှိနောက်တယောက် ကွပ်မျက်ခံရတာပါ။
ချိုးဟာ ကင်ရဲ့ သစ်တောမူဝါဒတွေကို သဘောမတူကြောင်း မေလက ပြသခဲ့တယ်၊ အဲဒီနောက် လုပ်ငန်းခွင် စွမ်းဆောင်မှု ညံ့ဖျင်းကြောင်း ပြခဲ့တယ်လို့ ယုံဟပ်သတင်းဌာနက ဆိုပေမယ့် အသေးစိတ် ဖော်ပြမှုတော့ မရှိပါဘူး။
ချိုးဟာ လူမြင်ကွင်းကို မထွက်တာ ၈ လရှိပြီ ဖြစ်ပြီး အခြေအနေကို အနီးကပ် စောင့်ကြည့် နေတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ရိုက်တာ သတင်းဌာနကို သတင်းပေးပို့တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေး အဖွဲ့ကတော့ မှတ်ချက်ပေးဖို့ ယဉ်ယဉ်ကျေးကျေး ငြင်းပါတယ်။
ချိုးကို မနှစ်ကမှ ဒု-ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း မြောက်ကိုရီးယား အစိုးရပိုင် ကေစီအန်အေ သတင်းဌာနက အစီရင်ခံခဲ့ပါတယ်။
စက်တင်ဘာလက မြောက်ကိုရီးယား အစိုးရဟာ အလုပ်သမားပါတီရဲ့ အကြီးတန်း အရာရှိတွေကို လူမြင်ကွင်းမှာ ကွပ်မျက်ခဲ့သေးတယ်လို့ သတင်းရင်းမြစ်က ပြောကြောင်းလည်း ယုံဟပ်သတင်းဌာနက အစီရင်ခံခဲ့ပါတယ်။