ချဲလ်ဆီးအသင်းဆရာဝန်ကို မော်ရင်ဟို ပြန်တောင်းပန်သင့်ဟု လီဗာပူးလ် ဆေးအဖွဲ့ အကြီးအကဲဟောင်းပြော

ဓာတ်ပုံ - ဘီဘီစီ
လူသိရှင်ကြား အရှက်ခွဲခဲ့တဲ့အတွက် ချဲလ်ဆီးအသင်းဆရာဝန် အီဗာ ကာနီရိုကို နည်းပြ မော်ရင်ဟိုက ပြန်တောင်းပန်သင့်တယ်လို့ လီဗာပူးဆေးအဖွဲ့ အကြီးအကဲဟောင်းက ပြောဆိုလိုက်ပါတယ်။ လက်ရှိ သြစတြေးလျ ခရစ်ကစ်အသင်းကို တာဝန်ယူနေတဲ့ လီဗာပူး ဆေးအဖွဲ့ခေါင်းဆောင်ဟောင်း ပီတာဘရန်နာက မော်ရင်ဟိုရဲ့ ဝေဖန်မှုဟာ ၁၀၀ ရာခိုင်နှုန်း မှားယွင်းသလို ကာနီရိုရဲ့ တာဝန်ကို မပြောင်းသင့်ဘူးလို့ ဆိုပါတယ်။ မော်ရင်ဟိုဟာ လေးစားမှုမရှိတဲ့ လုပ်ဆောင်ချက်ကို လုပ်ခဲ့တာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ "ဆရာဝန်က ၁၀၀ ရာခိုင်နှုန်း မှန်သလို မန်နေဂျာက ၁၀၀ ရာခိုင်နှုန်း မှားပါတယ်။ သူက ပြန်တောင်းပန်သင့်ပါတယ်။ ဆရာဝန်နဲ့ ကြံ့ခိုင်ရေးသမားတွေက ဒီဖြစ်ရပ်ကြောင့် ရာထူး မကျသင့်ဘူး” လို့ ပီတာ ဘရန်နာက ပြောပါတယ်။ ချဲလ်ဆီးနဲ့ ဆွမ်ဆီးအသင်း ၂ ဂိုးစီ သရေကျတဲ့ပွဲမှာ ဘောလုံးပွဲ ပြီးဆုံးချိန်နီးတဲ့ အချိန်မှာ ဟာဇက် ဒဏ်ရာရသွားတာကို ကာနီရိုက ကုသဖို့ ကြိုးစားခဲ့ပါတယ်။ ဒီနောက် ဟာဇက်ကို ကွင်းအပြင်ထွက်ခိုင်းခဲ့တဲ့အတွက် ဂိုးရရှိရေး ကြိုးစားနေတဲ့ ချဲလ်ဆီး အသင်းက ၉ ဦးနဲ့ ကစားခဲ့ရလို့ မော်ရင်ဟိုက အတွေ့အကြုံနည်းသလို ပွဲကို သဘောမပေါက်ဘူးလို့ ကာနီရိုကို ပြစ်တင်ခဲ့ပါတယ်။ ဒီအတွက် မန်စီးတီးနဲ့ ကစားတဲ့ပွဲမှာ ကာနီရိုဟာ အသင်းနဲ့အတူ လိုက်ပါဝင်ဖို့ အခွင့်အရေးက နည်းပါးနေပါတယ်။

More News
Up