ဟီလာရီကလင်တန် ကိုယ်ပိုင်အီးမေးလ်ဆာဗာ တရားရေးဌာနကို ပေးအပ်မည်

ဓာတ်ပုံ - ရိုက်တာ
1.7K
ဒီမိုကရက်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန် က သူ နိုင်ငံခြားရေးဝန်ကြီးဘ၀မှာ အသုံးပြုခဲ့တဲ့ ကိုယ်ပိုင် အီးမေးလ်ဆာဗာနဲ့ အလုပ်နဲ့ဆိုင်တဲ့ အီးမေးလ်တွေ မိတ္တူကို အမေရိကန် တရားရေးဌာနကို ပေးအပ်သွားမယ်လို့ ရွေးကောက်ပွဲ အောင်နိုင်ရေးရဲ့ ပြောခွင့်ရသူက ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်နေ့က ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဘ၀တုန်းက အလုပ်အတွက် ကိုယ်ပိုင် အီးမေးလ်အကောင့်ကို အသုံးပြုခဲ့တဲ့ကိစ္စဟာ ရွေးကောက်ပွဲအကြိုကာလမှာ နိုင်ငံရေး အတိုက်အခံတွေအတွက် ဝေဖန် ထောက်ပြစရာ ဖြစ်နေတာပါ။
ဒီလုပ်ရပ်ဟာ ပွင့်လင်းမြင်သာမှုကို ဘေးဖယ်ထားတာဖြစ်ပြီး ဥပဒေချိုးဖောက်မှု ဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။ ဟီလာရီရဲ့ အီးမေးလ်အကောင့်ဟာ နယူးယောက်မြို့တော်က အိမ်မှာရှိတဲ့ ဆာဗာနဲ့ ချိတ်ဆက်ထားပါတယ်။
အတိုက်အခံ ရီပက်ဘလစ်ကန် အမတ်တွေက ဆာဗာကို လက်လွှတ်ဖို့နဲ့ လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့နဲ့ စစ်ဆေးဖို့ တောင်းဆိုနေပါတယ်။ ဒါပေမယ့် ဟီလာရီ ကိုယ်တိုင်ကတော့ ဒါကို လက်မခံပါဘူး။
သြဂုတ် ၁၁ ရက်နေ့ ညပိုင်းမှာတော့ တချို့လွှတ်တော်အမတ်တွေက သူတို့ တောင်းဆိုတဲ့ကိစ္စဟာ နိုင်ငံရေးရည်ရွယ်ချက် မပါဘူးဆိုတဲ့အကြောင်း ရှင်းပြထားတဲ့ ကြေညာချက်တွေကို ထုတ်ပြန်ပါတယ်။
တရားရေးဌာနနဲ့ ပြည်ထောင်စု စုံစမ်းရေးဌာန (အက်ဖ်ဘီအိုင်) တို့ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။
ဟီလာရီကတော့ နိုင်ငံခြားရေးဝန်ကြီးဘ၀ကနေ အနားယူပြီး ၂ နှစ်အကြာ ကျန်ခဲ့တဲ့ ဒီဇင်ဘာတုန်းက အလုပ်နဲ့ဆိုင်တဲ့ အီးမေးလ်အ၀င်နဲ့ အထွက် အစောင် ၃၀၀၀၀ အက်ဖ်ဘီအိုင်ကို လွှဲပေးခဲ့ပြီး ဖြစ်ပါတယ်။
အခု လပိုင်းအတွင်း ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ မဲပေးသူ ထက်ဝက်လောက်က ဟီလာရီကို မယုံကြည်ထိုက်သူအဖြစ် သဘောထားကြပေမယ့် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းစာရင်းမှာတော့ ထိပ်ဆုံးနေရာမှာပဲ ဆက်ရှိနေပါတယ်။