ပရီးမီးယားလိဂ် အချမ်းသာဆုံး ကလပ်အသင်းပိုင်ရှင်များ

4.6K
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းပိုင်ရှင်တွေမှာ ဘယ်သူတွေက အချမ်းသာဆုံးပါလဲ၊ သူတို့တွေရဲ့ ပိုင်ဆိုင်မှုတွေ ဘယ်လောက်ရှိပါသလဲ၊ ဗြိတိန်အခြေစိုက် ကြေးမုံသတင်းစာကတော့ အချမ်းသာဆုံး ကလပ်အသင်းပိုင်ရှင် အယောက် ၂၀ အကြောင်း ရေးသားထားပါတယ်။ ဒီအထဲက ၁၀ ယောက်အကြောင်း တင်ဆက်လိုက်ပါတယ်။
၁။ မန်ဆူဘင်ဇိုင်ယက် အယ်လ်ညာရန် - မန်စီးတီး ကလပ်ပိုင်ရှင်
မန်စီးတီးကလပ်အသင်းပိုင်ရှင်ကတော့ ပရီးမီးယားလိဂ် ကလပ်အသင်းပိုင်ရှင်တွေထဲမှာ ပေါင် ဘီလီယံ ၂၀ နဲ့ အချမ်းသာဆုံးအဖြစ် ထိပ်တန်းကနေ ရပ်တည်နေပါတယ်။
၂၀၀၈ ခုနှစ်က မန်စီးတီးအသင်းကို ပေါင် သန်း ၂၀၀ နဲ့ ၀ယ်ယူခဲ့ပြီး အင်္ဂလိပ်ဘောလုံးသမိုင်းမှာ အချမ်းသာဆုံး ကလပ်အသင်းတခု ဖြစ်သွားစေပါတယ်။
ဒီနောက်မှာတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၂ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
၂။ ရိုမန် အဗရာမိုဗစ်ခ်ျ - ချဲလ်ဆီး
ချဲလ်ဆီးအသင်းက ရုရှားသူဌေး ရိုမန် အဗရာမိုဗစ်ခ်ျကတော့ ပေါင် ၅ ဒသမ ၃ ဘီလီယံနဲ့ ဒုတိယ အချမ်းသာဆုံးပိုင်ရှင်အဖြစ် ရပ်တည်နေပါတယ်။
၂၀၀၃ ခုနှစ်မှာ ချဲလ်ဆီးအသင်းကို ဒေါ်လာ သန်း ၄၀၀ နဲ့ ၀ယ်ယူခဲ့ပြီး အင်္ဂလန် ဘောလုံးလောကကို ပုံပြောင်းလိုက်တဲ့သူ အဖြစ်လည်း ပြောဆိုနေပါတယ်။
ရေနံ၊ သံမဏိ သတ္တုတူးဖော်ရေး လုပ်ငန်းတွေနဲ့ အဗရာ မိုဗစ်ချစ်က ချမ်းသာလာခဲ့တာ ဖြစ်ပါတယ်။
၃။ ဂျိုးလူးဝစ် - တော့တင်ဟမ်ဟော့စပါး
ပေါင် ၄ ဒသမ ၉ ဘီလီယံ ချမ်းသာတဲ့ လူးဝစ်ဟာ ဗြိတိန် ဘီလျံနာတဦး ဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်ဖြစ်ပြီး ၂၀၁၄ ခုနှစ်က ဗြိတိန် အချမ်းသာဆုံး ၁၀ ဦးထဲမှာ တဦးအပါအ၀င် ဖြစ်တယ်လို့ ဖော့ဘ်မဂ္ဂဇင်းက ရေးပါတယ်။
၎။ စတန့် ခရော်ကီ - အာဆင်နယ်
၂၀၀၈ ခုနှစ်က အာဆင်နယ် ဘုတ်အဖွဲ့ထဲကို ၀င်လာတဲ့ အမေရိကန် လုပ်ငန်းရှင်က ပေါင် ၄ ဘီလီယံနဲ့ စတုတ္ထနေရာမှာ ရှိနေပါတယ်။ အာဆင်နယ်မှာ သူ့ရဲ့ အစုရှယ်ယာက ၆၃ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။
၅။ မိုက်အက်ရှ်လေ - နယူးကာဆယ်
အားကစားပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ ဘီလျံနာဖြစ်လာတဲ့ နယူးကာဆယ်အသင်း ပိုင်ရှင် မိုက် အက်ရှ်လေက ပေါင် ၃ ဒသမ ၅ သန်းနဲ့ နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။
၂၀၀၇ ခုနှစ်က နယူးကာဆယ်ရဲ့ ရှယ်ယာ ၄၁ ရာခိုင်နှုန်းကို ၀ယ်ယူခဲ့ပြီး အားကစား ခေါင်းကြီးသတင်း တော်တော်များများမှာ နေရာယူခဲ့ပါတယ်။
အသင်းက ပရိသတ်တွေနဲ့ ညှိနှိုင်းဖို့ ငြင်းဆိုချက်တွေနဲ့ ကလယ်အသင်းမှာ အပြည့်အ၀ ရင်းနှီးမြှုပ်နှံမှု မလုပ်တာတွေကြောင့်လည်း ဝေဖန်ခံနေရပါတယ်။
၆။ ဂလေဇာ မိသားစု - မန်ချက်စတာယူနိုက်တက်အသင်း
မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာ မိသားစုကတော့ ပေါင် ၃ ဘီလီယံနဲ့ နံပါတ် ၆ နေရာမှာ ရပ်တည်နေပါတယ်။ ၂၀၀၃ ခုနှစ်မှာ မန်ယူက ရှယ်ယာတွေကို ၀ယ်ယူခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ရှယ်ယာအများစုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ မန်ယူပရိသတ်တွေကတော့ ဂလေဇာ မိသားစုကို သိပ်မကြိုက်ပါဘူး။
၇။ အိလစ် ရှော့ခ် - ဆန်းဒါးလန်း
အိုင်းရစ် အမေရိကန် စီးပွားရေးသမား အိလစ်ရှော့ခ်ကတော့ ပေါင် ၂ ဒသမ ၄ ဘီလီယံနဲ့ နံပါတ် ၇ နေရာမှာ ရှိနေပါတယ်။ ၂၀၀၈ ခုနှစ်က ဆန်းဒါးလန်းကို ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆန်းဒါးလန်းအသင်းကလည်း သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ တန်းဆင်းဇုန်ကနေ နည်းအမျိုးမျိုးနဲ့ လွတ်မြောက်နေပါတယ်။
၈။ ကတ်သရင်းလီဘဲ - ဆောက်သမ်တန်
နှလုံးရောဂါနဲ့ သေဆုံးသွားတဲ့ ဖခင် မားကပ်ထံကနေ ဆောက်သမ်တန်ကို ရယူခဲ့ပြီးတဲ့နောက် ကတ်သရင်းလီဘဲကို လူသိများလာပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရော်နယ် ကိုးမန်းကို ခန့်အပ်ပြီး အသင်းက နာမည်ကြီးလူတွေကို ထုတ်ရောင်းခဲ့တဲ့အတွက် လူကြိုက်မများခဲ့ပေမယ့် ၂၀၁၄-၁၅ ပရီးမီးယားလိဂ် ဘောလုံးရာသီကိုတော့ လူအထင်ကြီးစရာ ဖြစ်အောင် ဖြတ်သန်းပြနိုင်ခဲ့ပါတယ်။
၉။ ၀ီချိုင်း ဆရီဗာဟန်နာပရာဘာ - လက်စတာ
လေဆိပ်တွေမှာ ပစ္စည်းဝယ်ရင် အခွန်ခမပါဘဲ ရောင်းချတဲ့ ကင်းပါဝါဆိုင်တွေကို ထူထောင်သူ ထိုင်း အမှုဆောင်အရာရှိက ၂၀၁၀ ခုနှစ်မှာ လက်စတာအသင်းကို ၀ယ်ယူခဲ့ပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုက ပေါင် ၁ ဒသမ ၄ ဘီလီယံ ရှိပါတယ်။
၁၀။ ဂျွန်ဟင်နရီ - လီဗာပူး
၂၀၁၁ ခုနှစ်မှာ လီဗာပူးအသင်းကို ၀ယ်ယူခဲ့တဲ့ ဟင်နရီကတော့ ပိုင်ဆိုင်မှု ပေါင် ၁ ဘီလီယံရှိတယ်လို့ ဆိုပါတယ်။ အသင်းကို ၀ယ်ယူပြီး နောက်တနှစ်မှာ အသင်းရဲ့ ဂန္ထ၀င် ကစားသမား ကင်နီ ဒဲဂလစ်ကို အသင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။
ဒီနောက်မှာတော့ စတုတ်စီးတီးပိုင်ရှင် ကွတ်တစ်မိသားစုက ပေါင် ၉၂၅ သန်း၊ ၀က်စ်ဟမ်းက ဒေးဗစ် ဆူလီဗန်က ပေါင် ၈၅၀ သန်း၊ အက်စ်တွန်ဗီလာက ရန်ဒီလာနာက ပေါင် ၆၄၀၊ ၀က်ဖို့ဒ်အသင်းက ဂျွန်ပိုလို ပေါဇိုက ပေါင် သန်း ၁၂၀၊ ဘုန်းမောက်အသင်းက မက်ဇင် ဒီမင်က ပေါင် သန်း ၁၀၀ နဲ့ အသီးသီး ရပ်တည်နေပါတယ်။









