Live
Home
မြန်မာသတင်း
ရေဘေးသွားရောက်လှူဒါန်းသည့်ကား ရေနစ်ပြီး သံဃာ ၂ ပါး အပါအ၀င် ၅ ဦးသေဆုံး
နော်နိုရင်း
·
August 13, 2015
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ဒါးကတိုက်နယ်ကို ရေဘေးကူညီ သွားရောက်ခဲ့တဲ့ ကား ၁ စီး ရေဘေးကူညီပြီး အပြန်မှာ ရေနစ်လို့ သံဃာ ၂ ပါး အပါအ၀င် ၅ ဦး သေဆုံးသွားတယ်လို့ ကျောင်းကုန်းမြို့နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့  ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးစိုးသန်းက ပြောပါတယ်။ “မနေ့ ညနေပိုင်း ၆ နာရီခွဲ ၇ နာရီလောက်မှာဖြစ်တယ်။ ရန်ကုန်ကနေလာတာ၊ ဒါးကမှာ သွားပြီးတော့ ရေဘေးသွားလှူတာ။ ကားတန်းကြီးနဲ့ပေါ့။ သူ့ကားက နောက်ဆုံး ဆာ့ဖ်ကား။ သူက မာလာကွင်းနားမှာ ကွေ့လေးတခုရှိတယ်။ ဒါပေမယ့် သူက ရေကျော်နေတယ်ဗျာ။ သူက အတည့်မောင်းလိုက်တော့ အမှန်လမ်းဘေးမှာ ချောက်လေးရှိတယ်ဗျာ။ အဲမှာ ချောက်ထဲကျသွားတော့ ရေနစ်သွားတာပေါ့ဗျာ။ ကားပေါ်မှာ ပါတဲ့လူက ကားမောင်းသမားနဲ့ ကောင်လေးတယောက်ပဲ ထွက်နိုင်တယ်။ ကျန်တဲ့လူက အကုန်ရေနစ်သွားတယ်။ ဘုန်းကြီးက ၂ ပါး၊ အမျိုးသမီးက ၂ ယောက်၊ အမျိုးသား ၁ ယောက် အားလုံးပေါင်း ၅ ယောက်ဗျာ။” သေဆုံးသူအမျိုးသမီး ၂ ယောက်ထဲမှာ ၁ ယောက်က ဆေးရုံရောက်မှ ဆုံးသွားတာလို့ ဆိုပါတယ်။ သေဆုံးသူတွေဟာ ရန်ကုန်တိုင်း လှိုင်မြို့နယ် ဓမ္မစကူး အဖွဲ့သားတွေလို့ သိရပါတယ်။ ရေနစ်တဲ့ကားဟာ ရှေ့ကားနဲ့ အလှမ်းဝေးသွားတဲ့အတွက် သူတို့ ကားတိမ်းမှောက်တာကို ရှေ့ကသွားတဲ့ကားက ချက်ချင်းမသိခဲ့ဘူးလို့လည်း ဆိုပါတယ်။ အသက်ရှင်ကျန်တဲ့  ကားမောင်းသမားနဲ့ ကောင်လေးနှစ်ယောက်ကိုလည်း လက်ရှိအချိန်မှာ ဘာမှမေးမြန်းလို့ မရသေးဘဲ တုန်ရီပြီး ကြောင်တောင်တောင် ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ အလောင်းတွေကိုတော့ ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်ကို သယ်ဆောင်သွားပြီဖြစ်ပြီး အသက်ရှင်သူတွေကိုတော့ ကျောင်းကုန်းရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ သြဂုတ် ၉ ရက်နေ့ကလည်း မှော်ဘီမြို့နယ် လှိုင်မြစ်တဘက်ကမ်းရှိ အထူးသောင်ကျေးရွာမှာ ရေဝင်ရောက်လာလို့ အမျိုးသမီးနဲ့ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေကို သွားရောက်ကူညီခဲ့တဲ့ မှော်ဘီမြို့နယ် ကြက်ခြေနီအသင်းခွဲ တပ်စုမှူး ဦးကျော်ကျော်လင်းဟာ ကမ်းပါးပြို ရေစီးထဲ မျောပါပျောက်ဆုံးခဲ့ပါတယ်။ အလားတူ ရေဘေးကယ်ဆယ်ရေး သွားရောက်လုပ်ကိုင်သူတွေဟာ လှေမှောက်ပြီး သေဆုံးတာတွေရှိသလို ကားမှောက်ပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ မြန်မာပြည်တ၀န်း ရေဘေးသင့်ဒေသတွေကို ထောက်ပံ့ရေးပစ္စည်းတွေ သွားရောက်ကူညီ လှူဒါန်းနေတဲ့ စေတနာရှင်တွေရဲ့ မော်တော်ယာဉ်တွေနဲ့ စက်လှေမှောက်မှုတွေ ဖြစ်ပွားနေတဲ့ အတွက် သတိထားကြဖို့နဲ့ လမ်းခရီးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မိမိတို့ သွားရောက်မယ့် ဒေသခံ သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံ စုံစမ်းအကူအညီတောင်းပြီး ဆောင်ရွက်ဖို့ အစိုးရက သတိပေးထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024