ယခုနှစ်အတွင်း အိန္ဒိယ ကျားကောင်ရေ ၄၁ ကောင်သေဆုံး

ဓာတ်ပုံ - ၀ါရှင်တန်ပို့စ်
အိန္ဒိယ နိုင်ငံဟာ သားရိုင်းတိရစ္ဆာန် ကျားပေါက်ဖွားမှု မြင့်မားတဲ့နိုင်ငံ ဖြစ်တယ်လို့ ကြေညာခဲ့ပြီး ၆ လအကြာမှာ ကျားကောင်ရေ ၄၁ ကောင် သေဆုံးခဲ့တဲ့အတွက် အိန္ဒိယနိုင်ငံအနေနဲ့ သားရိုင်းတိရစ္ဆာန်တွေ မထိန်းသိမ်းနိုင်မှာကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက စိုးရိမ်နေကြပြီလို့ အေပီသတင်းမှာ ဖော်ပြပါတယ်။ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးနဲ့ဆိုင်တဲ့ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပေမယ့် အိန္ဒိယနိုင်ငံ အမျိုးသားကျားထိန်းသိမ်းကာကွယ်ရေး အာဏာပိုင်နဲ့ သားရိုင်းတိရစ္ဆာန် ထိန်းချုပ်ကာကွယ်ရေးအုပ်စု (အိန္ဒိယ-ထရက်ဖစ်) တွေရဲ့အဆိုအရ အဲဒီကျားတွေထဲက ၇ ကောင်သာ သဘာဝအတိုင်း သေဆုံးခဲ့တာဖြစ်ပြီး ၁ ကောင်ကတော့ အာဏာပိုင်တွေကြောင့် သေဆုံးခဲ့ရတာလို့ ပြောပါတယ်။ ကျန်တဲ့ကောင်ရေတွေဟာ တရားမ၀င် ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရတယ်လို့ အဲဒီသတင်းမှာ ဖော်ပြပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလတုန်းက အိန္ဒိယ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အာဏာပိုင်တွေဟာ သားရိုင်းတိရစ္ဆာန် ကာကွယ်ထိန်းသိမ်းမှု အားထုတ်မှုအဖြစ် ၂၀၁၀ ပြည့်နှစ်ရှိ  ကျားကောင်ရေ ၁၇၀၆ ကောင်ကနေ ၂၀၁၄ ခုနှစ်မှာတော့ ၂၂၂၆ ကောင်ထိ တိုးလာခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့တာပါ။ ပညာရှင်တွေရဲ့အဆိုအရ ၂၀၁၄ ခုနှစ်အတွင်း ကျားကောင်ရေ ၆၆ ကောင် သေဆုံးခဲ့တဲ့ အချက်အလက်တွေကိုကြည့်ပြီး အိန္ဒိယနိုင်ငံဟာ မျိုးတုန်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ သားရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းကာကွယ်မှု ညံ့ဖျင်းတာကို ပြသနေတယ်လို့ ပြောကြပါတယ်။ သားရိုင်းတိရစ္ဆာန်ဆိုင်ရာ ကာကွယ်ထိန်းသိမ်းတဲ့ ပညာရှင်တွေက ကျားတွေအနေနဲ့ ရှင်သန်နိုင်မယ့် နယ်မြေတွေမှာ နိုင်ငံအ၀ှမ်း စွမ်းအင်စက်ရုံတွေ၊ လမ်းတံတားတွေ ချဲ့ထွင်လာတာတွေနဲ့ လူသားတွေရဲ့ အပြုအမူ ပြောင်းလဲလာတာတွေက ခြိမ်းခြောက်လာနေတယ်လို့  ပြောပါတယ်။ အိန္ဒိယ-ထရက်ဖစ်ရဲ့ အကြီးအကဲ ရှီခါနီရက်ဂ်ျက “ကျားထိန်းသိမ်းကာကွယ်ရေး နယ်မြေတွေဟာ နေ့စဉ်ဆုံးရှုံးနေတဲ့အတွက် ဒါဟာ စိုးရိမ်စရာဖြစ်နေပါတယ်” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up