Home
ဆောင်းပါး
ဘယ်သူ့ကို မဲပေးမလဲ
DVB
·
August 13, 2015
၂ဝ၁၅ ရွေးကောက်ပွဲ နီးလာသည်နဲ့ အမျှ ရွေးကောက်ပွဲနဲ့ ပတ်သက်သော သတင်းများသည် သတင်းစာ၊ ဂျာနယ်များ၏ စာမျက်နှာများပေါ်တွင် နေရာယူထားကြလေသည်။ လောလောဆယ်အားဖြင့် မဲစာရင်းများ မပြည့်စုံမှုနဲ့ မှားယွင်းမှုများက များပြားနေသည်။ မဲစာရင်းကောက်ခြင်း၊ မဲစာရင်းကပ်ထားကာ သွားရောက် ကြည့်ရှုရခြင်းမှာ ယခုမှ ဖြစ်သည်။ ယခင်က မဲရုံသွား မဲထည့်လိုက်ရုံပင် ပြဿနာ ကြီးကြီးကျယ်ကျယ် မရှိပေ။ သို့သော် ၁၉၉ဝ ပြည့်ရွေးကောက်ပွဲကမူ ပြည်သူလူထုမှာ တက်တက်ကြွကြွ သွားရောက်မဲပေးကြ၏။ မဲစာရင်း ကပ်ထားခြင်းလည်း မရှိပါ။ ငွေကုန်ကြေးကျခံကာ အကြီးအကျယ်ပြုလုပ်ခဲ့သော သန်းခေါင်စာရင်းကောက်ယူမှုမှာ မကြာသေးပါ။ ထို့ကြောင့် မဲစာရင်းကို သန်းခေါင်စာရင်းနဲ့ စနစ်တကျ တိုက်စစ်ဆေးနိုင်လျှင် ယခုကဲ့သို့ မှားခြင်း၊ ကျန်ခြင်း၊ သေပြီးသူများအား စာရင်းထည့်ထားခြင်းတို့ မဖြစ်နိုင်ပေ။ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ ပြင်ဆင်နေကြသလို ဝင်ရောက်ယှဉ်ပြိုင်မည်၊ မယှဉ်ပြိုင်မည်ကို မကြေညာသေးပါဆိုသော အန်အယ်လ်ဒီပါတီလည်း ပြင်ဆင်နေပါ သည်။ ၂ဝ၁ဝ  ရွေးကောက်ပွဲကလို အန်အယ်လ်ဒီ မယှဉ်ပြိုင်လျှင် ပြည်ခိုင်ဖြိုးက ပို၍ ဝမ်းသာမည်သာရှိသည်။ အန်အယ်လ်ဒီ ဝင်မပြိုင်လျှင် မပြိုင်ရုံသာရှိ၏။ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ကား ပြည်သူကို လှုံ့ဆော်ရဲမည် မဟုတ်ပေ။ အန်အယ်လ်ဒီသည် အစိုးရ၊ စစ်တပ်တို့နဲ့ ထိပ်တိုက်မတွေ့ရေးလမ်းစဉ်ကို လက်ခံသည်။ ထို့ကြောင့် သူတို့ အတွက် တဖက်အင်အားနဲ့ ထိပ်တိုက်တွေ့စရာလမ်းကြောင်း မရှိပေ။ သို့သော် ရွေးကောက်ပွဲနဲ့ ပတ် သက်ပြီး အစောပိုင်းက ၅၉ (စ) ပြင်လေမလားဆိုသော မျှော်လင့်ချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ချင်ကြောင်း ပြောဆိုခဲ့၏။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း သူသမ္မတလုပ်ချင်ကြောင်း ပြောဆိုပါသည်။ ၅၉ (စ) ပြင်လိုက်လျှင် ဒေါ်အောင်ဆန်းစုကြ ည်သမ္မတ ရွေးပိုင်ခွင့်ရှိသောကြောင့် သမ္မတ အိပ်မက်များ မက်လာပါသည်။ သို့သော် ၅၉ (စ) ပြင်အောင်နဲ့ သမ္မတဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆုံး ဖြတ်ရာတွင် လမ်းကြောင်းမှားကြီးဖြင့် လွှတ်တော်တွင်း၌ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်မည်ဟုဆိုသောကြောင့် သမ္မတ ဘယ်တော့မှ မဖြစ်မည့်လမ်းကြောင်းကို ရွေးချယ်မိကြလေသည်။ ထို့ကြောင့် ယခု ၅၉ (စ) ကို မပြင်ပေးဟု ဆိုလိုက်ရာ (ထိုအဆုံးအဖြတ်နဲ့ ဗီတိုအာဏာကိုလည်း စစ်တပ်ကသာ ရယူထားသဖြင့် စစ်တပ်ခွင့်ပြုမှသာ ဒေါ်စု သမ္မတ ဖြစ်နိုင်လေသည်။) ယခု လွှတ်တော်မှ ၂ဝဝ၈ ပြင်ရေး၊ မပြင်ရေး မဲခွဲဆုံးဖြတ်ရာတွင် လူထုကိုယ်စားလှယ် မဟုတ်သော စစ်ဗိုလ်တမတ်သားက သူတို့၏ ဗိုလ်ချုပ်ကြီးများ အလိုအရ ကန့်ကွက်ခဲ့သောကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ရှုံးနိမ့်သွားခဲ့ရလေသည်။ ထို့ကြောင့် သမ္မတပြိုင်ဘက် ၃ ယောက်ထဲတွင် ၁ ယောက် ပြုတ်သွားပြီဟု ဆိုရပေမည်။ နောက် ပြိုင်ဘက် ၂ ယောက်မှာ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ သမ္မတ ဦးသိန်းစိန်တို့ ဖြစ်ပါသည်။ ဦးရွှေမန်းမှာမူ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌအဖြစ် အရွေးခံရကတည်းက သူသမ္မတဖြစ်ချင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းတို့၏ မဟာမိတ်ဖွဲ့မှုမှာ အားကောင်းလာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသော ၄ ပွင့်ဆိုင်တွေ့ဆုံရေးကိုလည်း ဦးရွှေမန်းက ထောက်ခံခဲ့၏။ ထို့ကြောင့်လည်း ၂ဝ၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ပါက အန်အယ်လ်ဒီသည် ဦးရွှေမန်းကို သမ္မတအဖြစ် တင်မြှောက်လိမ့်မည်ဟု သတင်းထွက်လာလေသည်။ သို့သော်မကြာခင်ကမူ အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းဖြစ်သည့် ဦးဥာဏ်ဝင်းက အန်အယ်လ်ဒီပါတီအနေဖြင့် မည်သူ့ကို သမ္မတအဖြစ် ရွေးမည်ကို မဆုံးဖြတ်ရသေးကြောင်း ထွက်ရှိနေသော သတင်းများမှာ မိမိတို့၏ အထင်အမြင်များသာ ဖြစ်ကြောင်း ပြောဆို သွားလေသည်။ ထိုသတင်းများမှာ လုံးဝမှားသည်ဟု မဆိုနိုင်သော်လည်း မှန်သည်ဟုလည်း မဆိုနိုင်ပေ။ အန်အယ်လ်ဒီ၏ ရပ်တည်ချက်မှာ ယခင် ၁ဝ နှစ်ကာလကလို မဟုတ်တော့သောကြောင့်လည်း ဖြစ်၏။ အန်အယ်လ်ဒီအနေဖြင့် မိမိနဲ့ လေပေးဖြောင့်လျှင် ထောက်ခံကူညီမည့်သဘော ဖြစ်နေပါသည်။ ထို့ပြင် ပြည်ခိုင်ဖြိုးပါတီတွင်း၌လည်း ခေါင်းဆောင်မှုနေရာ ပဋိပက္ခဖြစ်နေသည်ဟု ထင်ကြေးပေးကြ၏။ အုပ်စု ၂ စု ကွဲနေသည်။ သူရ ဦးရွှေမန်းအုပ်စုနဲ့ ဦးသိန်းစိန်အုပ်စုဟု ထင်ကြေးပေးနေသည်မှာ ဟုတ်၊ မဟုတ် မသိရသော်လည်း ထင် ကြေးပေးစရာများ ဖြစ်နေ၏။ မကြာခင်က အမ်ပီစီတွင် အပစ်အခတ်ရပ်စဲရေး လှုပ်ရှားမှုများ၌ ပါဝင်လုပ် ဆောင်ခဲ့သော ဦးအောင်မင်းနှင့် ဦးစိုးဝင်းတို့ ကယားပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သတင်းထွက်လာပြီးနောက် ပါတီက ခွင့်မပြုဟု သတင်းထွက်လာပြန်သည်။ ကယားလို ပြည်နယ်မျိုး၌ နယ်ခံ တိုင်းရင်းသားပါတီမှာ ရှမ်းတို့လို ရခိုင်တို့လို အင်အားကောင်းနိုင်ခြေ နည်းသောကြောင့် ပြည်ခိုင်ဖြိုးအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားခြင်းဖြစ်၏။ ထိုကိစ္စကြောင့် ပြည်ခိုင်ဖြိုးပါတီတွင်း အုပ်စုကွဲနေသည်ဟု တွက်ဆကြခြင်းဖြစ်ပါသည်။ ဦးသိန်းစိန်ကမူ သမ္မတဖြစ်ပြီး မကြာခင် လွန်ခဲ့သော ၃၊ ၄ နှစ်က သူသမ္မတအဖြစ် ဝင် အရွေးမခံတော့ဟု ပြောခဲ့သော်လည်း နိုင်ငံခြားရောက်ပြီး ပထမအကြိမ်တွင် ပြည်သူလူထုကသာ ထောက်ခံရင် သူသမ္မတအဖြစ် ဝင်အရွေးခံမည်ဟု ပြောသွားခဲ့လေသည်။ ထို့ကြောင့် သူတို့ ပါတီတွင်း သဘောထား၊ သူတို့နဲ့ ပတ်သက် ဆက်နွယ်နေသော စစ်ဗိုလ်ချုပ်ဟောင်းများ သူတို့ဆရာများ၏ သဘောထားများ ကြောင့် ဦးသိန်းစိန်က တွေဝေနေပုံရသည်။ ဂျပန်သတင်းဌာန (NHK)နဲ့ တွေ့ဆုံမေးမြန်းခန်းတွင်လည်း သူနောက် ထပ်ပြန်အရွေးခံချင်ခံနိုင်သည်ဟု ပြောဆိုခဲ့လေသည်။ သူ၏ ပထမသက်တမ်းတွင် သူ၏ အပြောအဆို၊ စစ်ဗိုလ်ချုပ်ဟောင်းများကို အကာအကွယ်ပေးနေမှု၊ စစ်တပ်နဲ့လည်း  အပေးအယူရှိနေမှု၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို အကာအကွယ်ပေးနေမှု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအပေါ်ဆက်ဆံရေးမှာလည်း ယခင် ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွှန့်တို့လို ဆက်ဆံခြင်းဖြစ်နေမှုတို့ကြောင့် သူ့ကို သမ္မတအဖြစ် ထပ်အရွေးခံမည့် သဘောဖြစ်သည်။ ဦးသိန်းစိန်မှာ ယခင် စစ်ခေါင်းဆောင်များအတိုင်း ဖြစ်နေလေသည်။ သမ္မတရုံးဝန်ကြီးများ၏ အကြံသဘောထားအတိုင်းလည်း ဦးသိန်းစိန်က လုပ်နေခြင်းဖြစ်ပုံလည်း ရပါသည်။ ယခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးသည်ဆိုသော သမ္မတရုံး အကြံပေး ဦးမြင့်သည်လည်း နေရာမရတော့ပေ။ သူ၏ စီးပွားရေးအကြံပေးချက်များ၊ စီမံကိန်းများမှာလည်း အောင်မြင်မှုမရပဲ တို့လို့တန်းလန်းဖြစ်နေမှုများ၊ ကျဆင်းနေမှုများသာ ဖြစ်နေ၏။ ထိုကျဆင်းနေမှုများကို ကိန်းဂဏန်းဖြင့် စာရေးသူ နေထွန်းနိုင်က Weekly Eleven တွင် ခြေခြေမြစ်မြစ် ဝေဖန်သွားပုံအရ သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့ကို အထင်သိပ်မကြီးတော့ပေ။ ဦးမြင့်၏ ပညာတတ် ပီသမှု၊ မိမိ၏ ပညာရပ်အပေါ်အထင်ကြီးမှုများမှာ အပြန်အလှန်ပေးစာများ တွင် ပေါ်လွင်ခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ ဦးသိန်းစိန်၏ ပထမ သက်တမ်းတွင် ထင်သလောက် မအောင်မြင်ခဲ့ပေ။ မြစ်ဆုံစီမံကိန်းကိစ္စသာ အောင်မြင်ခဲ့သည်။ တရုတ်၏ အငြိုအငြင်ကို ခံကာ ခပ်ရဲရဲ ရပ်စဲခဲ့သဖြင့် ထောက်ခံမှုရရှိခဲ့ခြင်းဖြစ်၏။ အမှန်မှာ ထိုဆည်ကိစ္စသည် အနောက်အုပ်စုကို မျက်စပစ်လိုက်ခြင်းဖြစ်လေသည်။ အနောက်အုပ်စုမှ ဟောခနဲဝင်လာသော အကူအညီမှာလည်း အများအပြားပင်။ ကမ္ဘာ့ဘဏ်နဲ့ အိုင်အမ်အက်ဖ်စသည်များမှ အကြွေးများ လျော်ပစ်လိုက်၏။ စီးပွားရေးပိတ်ဆို့မှုများကိုလည်း အမေရိကန်နဲ့ အနောက်အုပ်စုက ဖွင့်ပေးလိုက်သည်။ မဟာဗျူဟာအရ အချက်အချာကျသော မြန်မာနိုင်ငံကို အမေရိကန်သည် အလွန်ဝင်ချင်နေ၏။ တောင်အာရှတွင် တရုတ်၏ နယ်မြေတိုးချဲ့မှုများ၊ အငြင်းပွားမှုများ ဖြစ်လာလေလေ အမေရိကန်သည် သူ့မဟာမိတ်များနဲ့ သူ၏ အကျိုးစီးပွား ထိခိုက်လေလေ ဖြစ်လာမှာကို စိုးရိမ်နေလေသည်။ ထို့ကြောင့် မဟာဗျူဟာကျသော မြန်မာနိုင်ငံကို ယခင်ကတည်းက ကြိုးစားခဲ့သော်လည်း စစ်အာဏာရှင်များမှာ ကိုယ်ကျိုးအတွက် ကြည့်သော “ငို့ဘ” သမားများဖြစ်နေသောကြောင့် တရုတ်ကို သယံဇာတများရောင်း၊ ကျွန်းသစ်များလည်း ရောင်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့များလည်း ရောင်း၊ မြန်မာအမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းကာ မျက်လုံးမှိတ်ခဲ့သဖြင့် အမေရိကန်မှာ ကပ်၍ မရပေ။ ယခု အခွင့်အရေးရတုန်း ပြေးလာကာ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားရင်ကြားစေ့ရေးလုပ်ခိုင်း၊ မြန်မာအစိုးရကို ပေးသင့်၊ ကျွေးသင့်သည်ကို ပေးကျွေးခဲ့လေသည်။ သို့သော် သမ္မတဦးသိန်းစိန်သည် ဒီမိုကရေစီ သူရဲကောင်းကား မဖြစ်နိုင်ပေ။ သမ္မတဦးသိန်းစိန်သည် ဗိုလ်ချုပ်ကြီးသိန်းစိန်ဖြစ်ခဲ့သော စစ်အစိုးရခေါင်းဆောင်တဦးသာ ဖြစ်၏။ ဦးသိန်းစိန်က နောက်ကြောင်းပြန် မသွားပါဟု ကတိစကားများ ပေးနေသည်မှာလည်း အထူးအဆန်း မဟုတ်ပေ။ သူတို့ သွားနေသည်မှာ လစ်ဘရယ် ဒီမိုကရေစီလမ်းကြောင်း မဟုတ်ပေ။ သမ္မတဦးသိန်းစိန်ပြောနေသော၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ပြောနေသော ဒီမိုကရေစီမှာ ညောင်၂ ပင် ညီလာခံခေါ်ကာ သူတို့ရေးဆွဲထားသော လမ်းပြမြေပုံ ၇ ချက်နဲ့ အညီဖြစ်သော စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖြစ်သည်။ ထိုဒီမိုကရေစီတွင်ပါသော လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထားရှိရေး၊ သမ္မတအထက်တွင်ရှိသော ကာလုံဖွဲ့စည်းထားရှိရေး၊ သူတို့အတွက် (အထူးသဖြင့် ဗိုလ်သန်းရွှေနှင့် သူ့လူများ) အန္တရာယ်ရှိသော ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေး စသည်တို့မှာ နောက်တက်လာသော စစ်တပိုင်းအစိုးရတွင် တာဝန်ရှိလေသည်။ ထိုသည်ကို ဦးသိန်းစိန်က ကောင်းကောင်း ကိုင်တွယ်နိုင်လေသည်။ ထိုသို့ အခြေအနေတွင် ဦးသိန်းစိန်ကို နောက်ကွယ်က အကြံပေးများက နောက်သက်တမ်းကို တာဝန်ယူခိုင်းနိုင်သည်။ ပြယုဂ်ရှိပြီးသော ဦးသိန်းစိန်မှာ အပြောအဆို ယဉ်ကျေးပြလျှင် သူရဦးရွှေမန်းထက် အလားအလာ ရှိနိုင်သည်။ ပြည်ခိုင်ဖြိုးက ဦးသိန်းစိန်ကို မရွေးချယ်ဟု မပြောနိုင်ပေ။ သို့သော် ကျနော်ကမူ ဦးသိန်းစိန်အား နောက်သက်တမ်း သမ္မတအဖြစ် တင်မြှောက်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်။ မဲထည့်ခိုင်းလျှင်လည်း ကန့်ကွက်မဲပင် ပေးရပေမည်။ အ ဘယ်ကြောင့်ဆိုသော် ဦးသိန်းစိန်သည် အစိုးရအဖွဲ့ခေါင်းဆောင်တဦး၏ အရည်အချင်းများ မရှိသောကြောင့် ဖြစ်သည်။ “မင်းမှာသစ္စာ လူမှာကတိ” ဆိုသော စကားမတည်ခဲ့ပေ။ သူရွေးချယ်ထားသော ဝန်ကြီးများမှာ ပြည်သူလူထုကို မောက်မောက်မာမာ ဆက်ဆံသည်။ စကားအမှားများ ပြောကာ လက်တွေ့လည်း ကျင့်သုံး ကြပုံရလေသည်။ သမ္မတက ပြည်သူများကို နို့သောက်ခိုင်းခြင်း၊ တနေ့ ၂ဝဝဝ လောက်အောင် သုံးခိုင်းသော ဒုတိယသမ္မတ၊ ထမင်းကို အားပြုစားရသော လယ်သမားများကို ထမင်းတနပ်သာ စားခိုင်းသည့်ဝန်ကြီး၊ နယ်လှည့်ပါးရိုက်သော ဝန်ကြီး၊ လျှပ်စစ်မီး မရှိလျှင် ဖယောင်းတိုင်ထွန်းခိုင်းသော နိုင်ငံရေး အကြံပေး စသည်များကို ခန့်ထားခြင်းတို့ဖြင့် ထိုတိုင်းရှေ့ဆက်သွားပါက တိုင်းပြည်မှာ ချွတ်ခြုံကျသွားနိုင်လေသည်။ ထို့ပြင် သမ္မတဦးသိန်းစိန်သည် လက်ပံတောင်းတောင် အရေးအခင်းတွင် ရဲက သံဃာတော်များ အပါအဝင်၊ ဆန္ဒပြပြည်သူများကို မီးလောင်ဗုံးဖြင့် ပစ်ခြင်းအား အရေးမယူခဲ့ခြင်း၊ ဒေါ်ခင်ဝင်းလို ဆန္ဒပြ အမျိုးသမီးကြီးကိုပင် သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ မိမိတို့၏လယ်ယာများကို ဧကပေါင်း သိန်းနှင့်ချီ၍ အသိမ်း ခံရသည့် လယ်သမားများအား လယ်ယာများ ပြန်မပေးခြင်း၊ ထိုသို့ လယ်ယာမြေများ သိမ်းဆည်းသော စစ် တပ်များကိုလည်း အရေးမယူခြင်း၊ မြေအားလုံးပြန်ပေးခိုင်းခြင်းများ မပြုလုပ်ခြင်း၊ အလုပ်သမားတိုက်ပွဲများ ပေါ်လာသည်နဲ့အမျှ အလုပ်ရှင်ဘက်မှ လိုက်ကာ အလုပ်သမားများကို လျစ်လျူရှုခြင်း၊ လွှတ်တော်ထဲတွင် ဖိနှိပ်သော ဥပဒေများအား တည်ဆဲဥပဒေအဖြစ် ပြဌာန်းစေခြင်း၊ နောက်ထပ် ဖိနှိပ်သော ဥပဒေများကို ဆက်လက်အတည်ပြုခြင်း၊ စာပေလွတ်လပ်ခွင့် ပေးသယောင်ယောင်နဲ့ စာနယ်ဇင်းသမားများအား ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်ကာ လူပေါင်းများစွာကို အရေးယူခြင်းဖြင့် စာနယ်ဇင်းလွတ်လပ်ခွင့်အား ဆိုးဆိုးဝါးဝါး ပိတ်ပင်လာခြင်း၊ ၅ နှစ်တာ ကာလအတွင်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရေးပါသော ဆွေးနွေးပွဲများကို မပြုလုပ်နိုင်ပဲ ငြိမ်းချမ်းရေးအတွက် အရေးပါသော ဆွေးနွေးပွဲများကို မပြုလုပ်နိုင်ပဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုသည်မှာ မည်ကာမတ္တလို ဖြစ်နေခြင်း၊ တချိန်တည်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနဲ့ အစိုးရတပ်များ တိုက်ပွဲဖြစ်ကာ စစ်ပြေးဒုက္ခသည် သိန်းနဲ့ ချီကာ ဖြစ်ပေါ်လာခြင်း၊ အောက်ခြေ လူတန်းစားများမှာ စားဝတ်နေရေး အခက်ကြုံပြီး အလုပ်အကိုင် ရှားပါးခြင်း၊ နောက်ဆုံး အဆိုးဆုံးသော ဖိနှိပ်မှုသည် ကျောင်းသားသမဂ္ဂများကို ရက်ရက်စက်စက် ဖိနှိပ်လိုက်ခြင်း ဖြစ်ပါသည်။ မှားယွင်းနေသော အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့ ဆန္ဒပြလာသော ကျောင်းသားများ၊ အထူးသဖြင့် ကျောင်းသားများကို သမဂ္ဂဆိုသော ရန်ငြိုးဖြင့် ရက်ရက်စက်စက် ရိုက်နှက်ဖမ်းဆီးကာ ထောင်ထဲ ထည့်ထားခြင်း၊ မြေး အရွယ် ကျောင်းသားများမှာ ယခုအထိ အကျဉ်းထောင်ထဲတွင်  ဒုက္ခရောက်နေခဲ့ရခြင်း၊ ပြည်သူများကို ပုဒ်မ ၁၈လို ဥပဒေမျိုးဖြင့် ခြောက်လှန့်ဖိနှိပ်ကာ တယောက်ပြီးတယောက်၊ တဖွဲ့ပြီးတဖွဲ့ ထောင်ထဲသို့ သွင်းနေခြင်း၊ ထိုကဲ့သို့ နိုင်ငံရေးသမားများအား ထောင်သွင်းအကျဉ်းချနေသည့်တိုင် နိုင်ငံရေး အကျဉ်းသား မရှိဟု မျက်စိမှိတ် ငြင်းကွယ်နေခြင်းကြောင့် ဦးသိန်းစိန်ကို သမ္မတအဖြစ် လုံးဝ မထောက်ခံပါ။ ဝင်ရောက် အရွေးခံပါကလည်း ကန့်ကွက်မဲပေးရပေမည်။ ထက်မြက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024