လူသတ်မှုနှင့်လိင်ပိုင်း အလွဲသုံးမှုစွပ်စွဲချက် ကုလ တပ်ဖွဲ့ဝင်များကို စစ်ဆေးမည်

ဓာတ်ပုံ - အေအက်ဖ်ပီ
ဗဟိုအာဖရိကနိုင်ငံအတွင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်သားတွေရဲ့ လူသတ်မှုနဲ့ လိင်ပိုင်း အလွဲသုံးစားလုပ်မှုဆိုင်ရာ နောက်ဆုံး စွပ်စွဲချက်တွေကို ကုလသမဂ္ဂက စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးသွားမယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရက သြဂုတ် ၁၁ ရက်နေ့က ပြောလိုက်ပါတယ်။ လတ်တလောလတွေအတွင်း ဗဟိုအာဖရိကသမ္မတနိုင်ငံက စစ်ဆင်ရေးအတွင်း ပေါ်လာတဲ့ စွဲချက်တွေကြောင့်ရော နောက်ဆုံးပေါ် အစီရင်ခံစာတွေကြောင့်ပါ အတွင်းရေးမှူးချုပ်က တုန်လှုပ်ချောက်ချား စိတ်ပျက်နေတယ်လို့ မစ္စတာ ဘန်ကီမွန်းရဲ့ ပြောခွင့်ရ စတက်ဖနီ ဒူဂျာရစ်က ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International) က ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေကို စွပ်စွဲမှုတွေ တိုးလာအပြီး ခုလို တုံ့ပြန် ပြောဆိုလိုက်တာပါ။ "ဒီလို တလွဲလုပ်တာမျိုးကို လုံးဝသည်းခံမှာ မဟုတ်ဘဲ စွဲချက်တိုင်းကို အာရုံစိုက်ပြီး စေ့စေ့စပ်စပ် ပြတ်ပြတ်သားသား စုံစမ်းစစ်ဆေးသွားမယ်ဆိုတာ ကျနော်တို့ အလေးထား ပြောချင်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။ ငြိမ်းချမ်းရေး တပ်သားတယောက်က မြို့တော် ဘန်ဂီမှာ တာဝန်ထမ်းဆောင်နေတုန်း  သြဂုတ် ၂ ရက်နေ့မှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေး တယောက်ကို မတော်မတရား ကျင့်ကြံခဲ့တယ်လို့ အမ်နက်စတီ အင်တာနေရှင်နယ်က ဆိုပါတယ်။ နောက်နေ့မှာတော့ မြို့တော်တွင်း ငြိမ်းချမ်းရေး တပ်သားတွေက မဆင်မခြင် ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးတယောက်နဲ့ ဖခင်ဖြစ်သူတို့ သေဆုံးပါတယ်။ ဘန်ဂီ စစ်ဆင်ရေးကို ရဝမ်ဒါနဲ့ ကင်မရွန်းက ငြိမ်းချမ်းရေး ရဲတပ်သားတွေက ဆောင်ရွက်တယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဗဟိုအာဖရိကနိုင်ငံတွင်းက ကုလသမဂ္ဂငြိမ်းချမ်းရေး မစ်ရှင်က စုံစမ်းစစ်ဆေးမှုတွေ စခဲ့ပါတယ်။ မနှစ်က စက်တင်ဘာမှာ ဗဟိုအာဖရိကနိုင်ငံအတွင်း ခရစ်ယာန်တွေနဲ့ မွတ်စလင်တွေကြား ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်အပြီး ကုလငြိမ်းချမ်းရေးတပ်က ဝင်ရောက် ထိန်းသိမ်းရာမှာ နိုင်ငံပေါင်း ၄၀ ကျော်က ရဲနဲ့ စစ်သည်အင်အား ၁၂၀၀၀ ကျော် ပါဝင်ခဲ့ပါတယ်။ အရင်က ဗဟိုအာဖရိကနိုင်ငံအတွင်း ပြင်သစ်ငြိမ်းချမ်းရေးတပ်ဖွဲ့တွေလည်း ကလေးတွေကို အလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲခံရဖူးပြီး အဲဒီအမှုကတော့ ခုထိ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up