Home
မြန်မာသတင်း
ဆွမ်ပရာဘွမ် စစ်ဘေးရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်
နန်းမြနဒီ
·
August 12, 2015
ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရစစ်တပ်ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် တောထဲတောင်ထဲ ပုန်းရှောင်နေရတဲ့ ကချင်ရွာသား ၁၀၀၀ ကျော် စားနပ်ရိက္ခာတွေ အရေးတကြီး လိုအပ်နေပါတယ်။ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်နဲ့ ၁၀ မိုင်ကျော်အကွာမှာ ရောက်ရှိနေတဲ့ သူတို့တွေကို သွားရောက်ကူညီဖို့ရာမှာ သွားရေးလာရေးအခက်အခဲ ဖြစ်နေတဲ့အတွက် စားနပ်ရိက္ခာ မပို့နိုင်သေးဘူးလို့ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် (ကေဘီစီ)ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးလမာယော်က ဒီဗွီဘီကို ပြောပါတယ်။ “စားနပ်ရိက္ခာက လူတယောက်ကို ဆန်နို့ဆီဘူး ၂ လုံးကျပေးထားတာ၊ နောက် ၁ ပတ်ဆို ကုန်ပြီ။ သူတို့နေရာက တကယ့် တောနက်ကြီးထဲမှာ ပိုက်ဆံရှိရင်တောင် ဘယ်မှာမှဝယ်လို့ မရဘူး၊ မြစ်ကြီးနားဘက်ကနေ သွားတဲ့လမ်းမှာ စစ်တပ်က ဆန်၊ ဆီ၊ ဆား ပစ္စည်းတွေအားလုံးလည်း တစေ့မှ အဖြတ်မခံဘဲ ပိတ်ဆို့ထားတယ်၊ အဲဒါ ရေလမ်းကနေ မလိခမြစ်အတိုင်း တက်သွားရင် ၂ ရက်ခွဲနဲ့ ရောက်နိုင်တယ်။ ဒါပေမယ့် အစိုးရက လုံခြုံရေးတာဝန်မယူဘူးတဲ့၊ တောလမ်းကျတော့ လမ်းမပေါက်ဘူးဗျ။” လတ်တလော တိုက်ပွဲတွေ ငြိမ်နေပေမယ့် ဧရာဝတီမြစ်ကမ်း ၂ ဘက်လုံးမှာ စစ်တပ်တွေ နေရာယူထားကြလို့ အရင်လို လက်နက်ကြီးတွေ၊ ဗုံးတွေနဲ့ အပစ်ခံရမှာစိုးလို့ ဘယ်ရွာသားမှ အိမ်မပြန်ရဲသေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ဆီ လိုအပ်တဲ့ရိက္ခာတွေ ပို့ဆောင်နိုင်ဖို့ မြစ်ကြီးနားမှာရှိတဲ့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ညှိနှိုင်း တိုင်ပင်ပြီး ကချင်ပြည်နယ်အစိုးရနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတွေဆီ ပြန်ခွင့်တောင်းမယ်လို့ ဦးလမာယော်က ပြောပါတယ်။ ကေအိုင်အေနဲ့ အစိုးတပ်ကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဆွမ်ပရာဘွမ်မြို့နယ် မလိယန်၊ လောဒ်မိုင်ယန်၊ ဖုန်အိန်ယန်နဲ့ ဆမားဘွမ် အစရှိတဲ့ ရွာပေါင်း ၇ ရွာက ရွာသားပေါင်း ၁၃၀၀ ကျော်ဟာ သူတို့နေတဲ့ရွာနဲ့ ၄ မိုင်လောက်ဝေးတဲ့ တောတောင်ထဲမှာ ဇူလိုင် ၁၈ ရက်ကတည်းက တဲထိုးပြီး နေထိုင်နေကြတာ ဖြစ်ပါတယ်။ အခုလို တိမ်းရှောင်လာရတဲ့အတွက် ကျောင်းသူကျောင်းသားပေါင်း ၂၀၀ ကျော် ကျောင်းတက်ရက် ပျက်နေပြီး ရိတ်သိမ်းချိန်ရောက် ကောက်ပဲသီးနှံတွေ ဒီအတိုင်း ပစ်ထားရတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ဦးလမာယော်က ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024