Home
မြန်မာသတင်း
ကျောင်းသားများက ရဲအရာရှိတွေကို တရားစွဲမှု ပယ်ချခံရ
နော်နိုရင်း
·
August 11, 2015
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်စဉ် ရိုက်နှက်ဖမ်းဆီး တရားစွဲခံကြရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို ပဲခူးတိုင်း သာယာဝတီမြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ် စစ်ဆေးပါတယ်။ မြို့နယ်တရားသူကြီးက ကျောင်းသားတွေက  ရဲတွေကို မတရားဖမ်းဆီးချုပ်နှောင်မှုနဲ့ တရားစွဲဆိုမှုကို တရားစွဲဆိုခွင့်ပြုမိန့်မရှိဘူးဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ကျောင်းသားတွေရဲ့ရှေ့နေ ဦးရောဘတ်ဆန်းအောင်က “၂ ချက်ကို ထောက်ပြထားတာက တရားစွဲဆိုခွင့်ပြုမိန့် မပါဘူးဆိုတဲ့ အချက်ရယ်၊ နောက်တချက် ကျင့်ထုံးပုဒ်မ ၆၁ အရ ၂၄ နာရီအတွင်းမှာ ရမန်ယူထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပယ်တာ” လို့ ပြောပါတယ်။ သုံးသပ်မှုနဲ့ အဓိပ္ပါယ်ကောက်ယူမှုမှာ တရားသူကြီးနဲ့ တရားခံရှေ့နေတွေ အမြင်မတူဘူးလို့ သူက ပြောပါတယ်။ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၁၀ ယောက်ရဲ့ အာမခံလျှောက်ထားချက်ကိုလည်း ဒီကနေ့ ပယ်ချခဲ့ပါတယ်။ “ဘာကြောင့်ပယ်တာလဲဆိုတော့ သူကတော့ အကြောင်းပြချက်မခိုင်လုံဘူးပေါ့နော်။ အာမခံ လျှောက်ထားမှုနဲ့ပတ်သက်ပြီးတော့။ ခက်တာကဗျာ ၅၀၅ (ခ) ဆိုတဲ့ ပုဒ်မပါရင် အဲဒါက ကန့်သတ်ချက်လိုဖြစ်ပြီးတော့ အမခံမပေးတာပဲဗျာ။ ” ကျောင်းသားတွေက ရဲကို ပြန်တရားစွဲဆိုမှုနဲ့ အမခံလျှောက်ထားမှုကို မြို့နယ်တရားရုံးက ပယ်တဲ့ အတွက် လာမယ့်အပတ် ရုံးချိန်းမှာ ခရိုင်တရားရုံးမှာ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု တင်သွင်းမယ်လို့ သူက ပြောပါတယ်။ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြရင်း အကြမ်းဖက်ဖမ်းဆီး တရားစွဲခံရသူ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၅၅ ဦး သာယာဝတီထောင်တွင်း ကျန်ရှိပြီး အချို့ဟာ ဖမ်းဆီးစဉ်က ရဲတွေက ရိုက်နှက်တဲ့ဒဏ်ကြောင့် အတွင်းဒဏ်ရာတွေ ရရှိနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024