ထိုင်း-မြန်မာ ဗီဇာကင်းလွတ်ခွင့် ပထမဆုံးရက် ခရီးသည်အ၀င်နည်းပါး
နန်းမြနဒီ
·
August 11, 2015
ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူချက်အရ နှစ်နိုင်ငံကြား လေကြောင်းမှတဆင့် ၁၄ ရက်တာ ဗီဇာမလိုဘဲ ၀င်ထွက်သွားလာခွင့် ဒီကနေ့ သြဂုတ် ၁၁ ရက်မှာ စတင်လိုက်ပြီ ဖြစ်ပါတယ်။
ခရီးသွားလာသူတွေ ပိုမိုအဆင်ပြေ ချောမွေ့စေဖို့ ဗီဇာကင်းလွတ်ထားပေမယ့် ဒီကနေ့မှာတော့ မြန်မာပြည်က ၀င်ရောက်လာတဲ့ ခရီးသည်တွေ ထူးခြားများပြားလာတာ မရှိသေးဘူးလို့ ဘန်ကောက် အပြည်ပြည်ဆိုင်ရာ သုဝဏ္ဏဘူမိလေဆိပ်က လူဝင်မှုကြီးကြပ်ရေး ရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ခရီးသည်တွေက ခါတိုင်းလိုပါပဲ၊ လေယာဉ်တစီးမှာ မြန်မာနိုင်ငံသား ဆယ်ဂဏန်းလောက်ပဲ ပါပါတယ်။ ဗီဇာကင်းလွတ်ခွင့်ပြုတာကို လူတွေက သိပ်မသိသေးဘူးလို့ ထင်ပါတယ်။ ပြီးတော့ မြန်မာပြည်ကလူတွေက နယ်စပ်ကုန်းကြောင်းဘက်ကနေ ၀င်ရောက်လာတာများတယ်။”
အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ၀င်ရောက်လာတဲ့ နိုင်ငံခြားသားတွေ အနေနဲ့ ခါတိုင်းလိုပဲ နေထိုင်နိုင်မှုစရိတ် အနည်းဆုံးဒေါ်လာ ၅၀၀ (ဘတ်ငွေ ၂ သောင်းခန့်) ရှိကြောင်း ပြသရမှာဖြစ်သလို ဆိုက်ရောက်ဗီဇာကြေး ဘတ် ၁၀၀၀ ကိုလည်း ပေးသွင်းရမယ်လို့ ထိုင်းလ၀က အရာရှိက ပြောပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာတော့ ဗီဇာကင်းလွတ်ခွင့်နဲ့ ပထမဆုံးအကြိမ် ၀င်ရောက်လာတဲ့ ထိုင်းနိုင်ငံသား ခရီးသွားတွေကို ထိုင်းသံရုံးက တာဝန်ရှိသူတွေနဲ့ လေကြောင်းလိုင်းက ကြိုဆိုပြီး အမှတ်တရ လက်ဆောင်တွေ ပေးအပ်ခဲ့ပါတယ်။
ထိုင်း-မြန်မာ ၂ နိုင်ငံကြား ခရီးသွားပြည်သူတွေအနေနဲ့ နိုင်ငံတကာ လေဆိပ်တွေကတဆင့် အ၀င်အထွက်ပြုရာမှာ ၁၄ ရက်စာ ဗီဇာမလိုဘဲ သွားလာခွင့်ရှိဖို့ သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးတွေ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့တာပါ။