မန်ယူသို့ မပြောင်းရန် ပက်ဒရိုကို စတွိုင်ကော့ဗ် သတိပေး

မန်ယူမှ ခေါ်ယူရန် ကြိုးပမ်းနေသည့် ပက်ဒရို။
အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက်အသင်း မန်နေဂျာ လူးဝစ်ဗန်ဂေါဟာ အသင်းကို ဖျက်ဆီးနေတဲ့အတွက် စပိန် လာလီဂါက ဘာစီလိုနာ ကစားသမား ပက်ဒရို အနေနဲ့ မပြောင်းဖို့ စတွိုင်ကော့ဗ်က သတိပေးလိုက်ပါတယ်။ နေမာ၊ ဆွာရက်ဇ်၊ မက်ဆီတို့ကြောင့် ပုံမှန်ပွဲထွက်ခွင့်မရတဲ့ ပက်ဒရိုက မန်ယူကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတဲ့အပေါ် ဘူလ်ဂေးရီးယား ကစားသမားဟောင်း စတွိုင်ကော့ဗ်က သတိပေးလိုက်တာ ဖြစ်ပါတယ်။ လက်ရှိမှာ အပယ်ခံထားရတဲ့ အရင် ဘာစီလိုနာ ဂိုးသမား ဗစ်တာ ဗယ်လ်ဒဲလ်ရဲ့ ဖြစ်ရပ်ကိုကြည့်ပြီး ဗန်ဂေါရဲ့အောက်မှာ ကစားဖို့က အဆင်မပြေနိုင်ဘူး ဆိုတာကို နားလည်သင့်တယ်လို့ သူက ပြောပါတယ်။ "ကျနော် ဘယ်တုန်းကမှ ဗန်ဂေါရဲ့ အမိန့်အောက်မှာ မရှိပါဘူး။ သူက သာမန်အဆင့်မှာပဲ ရှိပါတယ်။ ဘာကာကို သူက ဖျက်ဆီးခဲ့သလို၊ မန်ယူကိုလည်း ဖျက်ဆီးနေပါတယ်” လို့ စတွိုင်ကော့ဗ်က ပြောပါတယ်။ စတွိုင်ကော့ဗ်က ဗန်ဂေါကို ဝေဖန်တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ အရင် ၁၇ နှစ်တုန်းက ဘာစီလိုကနေ ဗန်ဂေါ ထွက်တုန်းကလည်း ဝေဖန်ခဲ့ဖူးပါတယ်။ စတွိုင်ကော့ဗ်ဟာ ဘာစီလိုနာအသင်းနဲ့ လာလီဂါ ချန်ပီယံ ၅ ကြိမ်၊ ဥရောပဖလားတကြိမ် ရယူပေးထားသလို ဗန်ဂေါရဲ့အောက်မှာ ကစားခဲ့ဖူးပြီး ၁၉၉၈ ခုနှစ်က ဗန်ဂေါနဲ့ အငြင်းပွားခဲ့ဖူးပါတယ်။

More News
Up