ကော်လိုရာဒို မြစ်လက်တက်ထဲ ရေဆိုးစွန့်ထုတ်မိမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာ (ရုပ်သံ)

1.6K
အမေရိကန်နိုင်ငံ ကော်လိုရာဒိုမြစ်လက်တက်ထဲကို အဆိပ်သင့် ရေဆိုးတွေ မတော်တဆ စွန့်ထုတ်မိမှုကြောင့် ကော်လိုရာဒို ပြည်နယ်အုပ်ချုပ်ရေမှူးက အရေးပေါ် အခြေအနေကို သြဂုတ် ၁၀ ရက်နေ့က ကြေညာလိုက်ပါတယ်။
ယိုဖိတ်မှုကို တုံ့ပြန်ရေး ပြည်နယ်ရန်ပုံငွေ ဒေါ်လာ ၅ သိန်းကို ပြင်ဆင်ဖို့ သူက အမိန့်ပေးခဲ့ပါတယ်။
စိန်အဆိပ်၊ ပြဒါးနဲ့ ခဲဓာတ်တွေ အများကြီးပါနေတဲ့ ရေဆိုးတွေက သြဂုတ် ၉ ရက်နေ့မှာ ၁ မိနစ်ကို ရေဂါလံ ၅၀၀ နှုန်းနဲ့ ဆက်ပြီး စီးနေဆဲပါ။
သောက်ရေကို ကိုယ်ပိုင်ရေတွင်းကနေ ယူနေတဲ့ မြစ်အောက်ပိုင်းက ဒေသခံတယောက်ကတော့ ရေတွင်းတွေထဲမှာ ရေတွေ အရောင်ပြောင်းနေပြီလို့ သတင်းပို့ခဲ့ပါတယ်။
ဒါပေမယ့် ဒီရေတွေက လူ့ကျန်းမာရေး၊ မွေးမြူရေးတိရစ္ဆာန်တွေနဲ့ သားရိုင်းတိရစ္ဆာန်တွေကို ထိခိုက်တဲ့ သက်သေတော့ မရှိသေးဘူးလို့ အမေရိကန် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ အရာရှိတွေက ပြောပါတယ်။
အမေရိကန် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ (အီးပီအေ) ရဲ့အဖွဲ့တဖွဲ့ဟာ ကော်လိုရာဒို ရွှေသတ္တုတွင်းက လိမ္မော်ရောင် သမ်းနေတဲ့ အနည်အနှစ်တွေနဲ့ သတ္တုတွေပါတဲ့ ညစ်ညမ်းရေ ဂါလံ ၃ သန်းလောက်ကို ကော်လိုရာဒိုမြစ်ရဲ့ လက်တက်ထဲကို မတော်တဆ မှားယွင်းစွန့်ပစ်မိခဲ့တယ်လို့ အီးပီအေက ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့က ပြောပါတယ်။
စွန့်ပစ်ရွှေသတ္တုတွင်းနားက အရံအတားနောက်မှာ ရှိနေတဲ့ ရေဆိုးတွေဟာ သြဂုတ် ၅ ရက်နေ့က စန်ဟွမ်မြို့နယ်ထဲက အန်းနီးမတ်စ်မြစ်ထဲ စီးနေတဲ့ စီမန့်ချောင်းထဲကို ယိုစီးခဲ့တာပါ။
ပြည်ထောင်စုနဲ့ ကော်လိုရာဒိုပြည်နယ် ကျန်းမာရေးအရာရှိတွေက ရေဆိုးတွေ စီးထွက်မသွားမချင်း ရေထဲမဆင်းဖို့နဲ့ ရေဆိုင်ရာ အပန်းဖြေလှုပ်ရှားမှုတွေ မလုပ်ကြဖို့ မြစ်ရေစီးဆင်းရာ အောက်ဘက်က ရေသုံးစွဲသူတွေကို သတိပေးထားပါတယ်။