ရွေးကောက်ပွဲဆိုင်ရာ သုတေသန (electoral research) အကြောင်း

815
ရွေးကောက်ပွဲကမ်ပိန်းများ ပြုလုပ်ရာမှာ အခြေအနေ လေ့လာဆန်းစစ်ချက်များ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ၀င်ရောက်ယှဉ်ပြိုင်မယ့် နေရာဒေသရဲ့ ပထ၀ီဝင် အနေအထား၊ စားဝတ်နေရေး အခြေအနေနဲ့ လူမျိုးစုများ အခြေချနေထိုင်မှု အခြေအနေတွေကို လေ့လာသုံးသပ်ခြင်းများ ကြိုတင်ပြုလုပ်ရပါတယ်။ လေယာဉ်ပေါ်ကနေ မြေပြင်ပေါ်ကြည့်တဲ့အခါ မြင်ရတဲ့ အခြေအနေနဲ့ လက်တွေ့မှာ ဖြစ်တည်နေတဲ့ အခြေအနေတွေက တခါတရံမှာ ကွာခြားတတ်ပါတယ်။ ဒါကြောင့် ကမ်ပိန်းများပြုလုပ်ရာမှာ မြေပြင်ပကတိ အခြေအနေကို သိဖို့အတွက် ရွေးကောက်ပွဲဆိုင်ရာ သုတေသနကို လုပ်ဆောင်ရန် လိုအပ်ပါတယ်။ ရွေးကောက်ပွဲ အောင်နိုင်ရေးရဲ့ အဓိကသော့ချက်ဟာ မြေပြင်ပကတိ အခြေအနေကို စနစ်တကျ လေ့လာဆန်းစစ်ထားတဲ့ ရွေးကောက်ပွဲ သုတေသန အစီရင်ခံစာများပဲ ဖြစ်ပါတယ်။
ရွေးကောက်ပွဲသုတေသနများ ပြုလုပ်ရာမှာ ရွေးကောက်ပွဲအမျိုးအစားနှင့် ရွေးကောက်ပွဲစည်းမျဉ်းများ၊ မဲဆန္ဒနယ်မြေများရဲ့ သွင်ပြင်လက္ခဏာများ၊ မဲပေးသူများရဲ့ သွင်ပြင်လက္ခဏာများ၊ ယခင်ရွေးကောက်ပွဲများရဲ့ မဲဆန္ဒနယ်မြေ တခုချင်းစီအလိုက် အခြေအနေ၊ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုများ၊ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမတ်လောင်း တဦးချင်းစီရဲ့ ၀င်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေအလိုက် အားသာချက်နှင့် အားနည်းချက်များ၊ ပြိုင်ဘက်များရဲ့ အားသာချက်နဲ့ အားနည်းချက်များ စတာတွေကို လေ့လာသုံးသပ်ရပါတယ်။ သုတေသနများ ပြုလုပ်ရာမှာ အချိန်အကန့်အသတ်၊ အရင်းအမြစ်များ ရရှိသုံးစွဲနိုင်မှု၊ သတင်းအချက်အလက်များကို ရယူနိုင်မှု စတာတွေအပေါ်မှာလည်း ချိန်ဆဖို့ လိုအပ်ပါတယ်။
ရွေးကောက်ပွဲသုတေသနများ ပြုလုပ်ရာမှာ ဘယ်လိုရွေးကောက်ပွဲ အမျိုးအစား (အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်) မှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး၊ မဲဆန္ဒနယ်မြေ တခုချင်းစီအလိုက် အနိုင်ရလဒ် မည်၍မည်မျှလိုအပ်ကြောင်း စဉ်းစားတွက်ချက်မှုတွေ ပါဝင်ပါတယ်။ မဲအများဆုံးရသူ အနိုင်ယူရတဲ့ Fast Past the Post (FPTP) စနစ်မှာတော့ တွက်ချက်ရမှုက သိပ်ပြီး မရှုပ်ထွေးလှပါဘူး။ ဒါတင်မကပဲ အရေးကြီးတဲ့ ဥပဒေရေးရာနဲ့ စည်းမျဉ်းစည်းကမ်း အချက်အလက်များကို စုစည်းထားတဲ့ လက်စွဲစာအုပ်လေးတခုကို သုတေသနဌာနက ထုတ်ဝေပေးသင့်ပါတယ်။ ဒါမှလည်း ကမ်ပိန်းမန်နေဂျာများ၊ အမတ်လောင်းများနဲ့ အောင်နိုင်ရေး ကော်မတီများကို လက်တွေ့ထောက်ကူ ပေးနိုင်မှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ သုတေသနများ ပြုလုပ်ရာမှာ နောက်ထပ် အာရုံစိုက်သင့်တဲ့ အပိုင်းကတော့ မဲဆန္ဒနယ်မြေ လေ့လာဆန်းစစ်ချက် ဖြစ်ပါတယ်။ မဲဆန္ဒနယ်မြေ အကျယ်အ၀န်း၊ မဲရုံအရေအတွက်၊ ကမ်ပိန်းပြုလုပ်ရမယ့် နယ်မြေစိုးမိုးနိုင်မှု အခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး၊ မဲဆန္ဒရှင်များရဲ့ ယေဘုယျ အမြင်သဘောထား၊ နယ်မြေအလိုက် အရေးကြီးသော နိုင်ငံရေးသမားများနှင့် သြဇာသက်ရောက်နိုင်စွမ်း၊ နယ်မြေတခုချင်းစီအလိုက် ပြိုင်ဘက်နိုင်ငံရေးပါတီများ အရေအတွက်၊ ရွေးကောက်ပွဲအောင်နိုင်ရေးအပေါ် သက်ရောက်နိုင်စွမ်းရှိသော ရပ်ရွာခေါင်းဆောင်များနှင့် စီးပွားရေးခေါင်းဆောင်များရဲ့ အခြေအနေများနှင့် ပြောဆိုမှုများ၊ မဲပေးသူများမှ ရွေးကောက်ပွဲ သတင်းအချက်အလက် ရရှိနိုင်မှု အခြေအနေ၊ ဒေသအခြေစိုက် မီဒီယာများ၊ ပါတီနှင့် မီဒီယာဆက်ဆံရေး အခြေအနေများ၊ ပါတီနှင့် လူထုဆက်ဆံရေး အခြေအနေ စတာတွေကို ထည့်သွင်းဆန်းစစ်ဖို့ လိုအပ်ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ သုတေသနများ ပြုလုပ်ရာမှာ မဲဆန္ဒရှင် လေ့လာဆန်းစစ်ချက်များလည်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီလို လုပ်ဆောင်ရာမှာ မဲစာရင်းစစ်ခြင်း၊ နိုင်ငံရေးပါတီဝင်အင်အားများကို လေ့လာသုံးသပ်ခြင်း၊ မဲဆန္ဒရှင်များရဲ့ (demographic composition) ဖြစ်သော ၀င်ငွေအဆင့်အတန်း၊ ပညာအရည်အချင်း၊ သက်မွေးဝမ်းကျောင်းပညာနှင့် ရပ်တည်မှု၊ လူမျိုး၊ ဘာသာ၊ အသက်အရွယ်၊ ကျား မ စသည်များကို သုံးသပ်ခြင်း၊ ပထ၀ီဝင်အနေအထားအရ လူအများ စုဖွဲ့နေထိုင်မှုသဏ္ဌာန် (ရပ်ကွက်၊ ကျေးရွာအုပ်စု) စသည်များကို သုံးသပ်ခြင်း၊ ထောက်ခံသူများနှင့် မသေချာသေးသူများ ရာခိုင်နှုန်းကို ခန့်မှန်းလေ့လာခြင်း၊ မဲဆန္ဒရှင် ပြုမူဆောင်ရွက်ပုံ (voting behavior) ကို သုံးသပ်ခြင်း၊ မဲဆန္ဒရှင်များ၏ အကျိုးစီးပွားများနှင့် ပုန်းလျှိုးနေသော လိုအင်ဆန္ဒများကို ဖော်ထုတ်လေ့လာခြင်း စတာတွေ ပါဝင်ပါတယ်။
ရွေးကောက်ပွဲသုတေသနများ ပြုလုပ်ရာမှာ အတိတ်ကာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲများအပေါ် လေ့လာသုံးသပ်ချက်များလည်း ပါဝင်ပါတယ်။ ဒီလို လေ့လာသုံးသပ်ရာမှာ အတိတ်ရွေးကောက်ပွဲများ ကျင်းပစဉ်က အောင်မြင်ခဲ့သည့်ဒေသများ၊ ရှုံးခဲ့သည့် ဒေသများကို ခွဲခြားပြီး၊ အောင်မြင်စေခဲ့သော အကြောင်းရင်းများနဲ့ ရှုံးနိမ့်ရသော အကြောင်းရင်းများကို ဖော်ထုတ်ခြင်း၊ အားကောင်းသော ဒေသများနှင့် စိန်ခေါ်မှုများသော ဒေသများကို ခွဲခြားသတ်မှတ်ခြင်း၊ မဲပေးမှုရာခိုင်နှုန်း (voter turnout) များကို တွက်ချက်ခြင်း၊ အောင်နိုင်ရန် မဲပေးမှု ရာခိုင်နှုန်း မည်မျှလိုအပ်ပြီး၊ အဆိုပါရာခိုင်နှုန်းမှ မည်မျှ ရာခိုင်နှုန်းက မိမိပါတီကို မဲပေးခဲ့ကြောင်း တွက်ချက်လေ့လာခြင်း၊ မဲဆန္ဒနယ်မြေ တခုချင်းအလိုက် အမတ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့မှုနှင့် အမတ်လောင်းများ၏ မဲဆွယ်ခဲ့မှု အခြေအနေကို လေ့လာသုံးသပ်ခြင်း၊ ကမ်ပိန်းထိရောက်မှု သင်ခန်းစာများအား ထုတ်နုတ်လေ့လာ၍ အကောင်းဆုံး ကျင့်သုံးမှု (best practices) များအား ဖော်ထုတ်ခြင်း စတာတွေ ပါဝင်ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ သုတေသနများ ပြုလုပ်ရာမှာ အတိတ်ကာလ ရွေးကောက်ပွဲများအပြင် ပါဝင်ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲရဲ့ အခြေအနေကို လေ့လာသုံးသပ်မှုလည်း လိုအပ်ပါတယ်။ မဲပေးသူများအတွက် အရေးကြီးသော ရေးရာကိစ္စများ (issues) များကို သုံးသပ်နိုင်ခြင်းက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အလွန်အရေးပါပါတယ်။ ရေးရာကိစ္စများမှာ တနိုင်ငံလုံးနဲ့ဆိုင်ရာ ရေးရာကိစ္စများ (national issues) ကိုပဲ အချို့ပါတီတွေက အလေးထားပြောဆိုပြီး ဒေသဆိုင်ရာ ရေးရာကိစ္စများ (regional issues) နဲ့ ရပ်ရွာဆိုင်ရာ ရေးရာကိစ္စများ (local issues) များကို အလေးဂရုမပြုဘဲ နေတတ်ကြပါတယ်။ ဒါဟာ ရွေးကောက်ပွဲကို ရှုံးနိမ့်သွားစေနိုင်ပါတယ်။ National issues များကို မိမိပါတီ အနိုင်ရပြီးတဲ့အခါ မူဝါဒများ ချမှတ်ပြီး ဖော်ဆောင်နိုင်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ အသည်းအသန် highlight လုပ်နေစရာ မလိုအပ်ပါ။ မဲပေးသူများ ပိုမိုစိတ်ဝင်စားတတ်လေ့ရှိတာက regional issues နဲ့ local issues များ ဖြစ်တာကြောင့် စိတ်ပျက်မှုတွေ၊ ဝေဖန်မှုတွေ၊ မကျေနပ်မှုတွေ ပေါ်ထွက်သွားစေတတ်ပါတယ်။ ဒါကြောင့် မည်သည့်အခြေအနေမှာ မည်သည့်ရေးရာများကို highlight လုပ်သင့်ကြောင်း၊ နိုင်ငံရေး ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်လောင်းများကို အကြံပြုပေးနိုင်မယ့် research brief များရှိဖို့ လိုအပ်လှပါတယ်။ ဒီလို သုတေသနများက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် သတင်းစကားများ ဖော်ထုတ်ခြင်း (message development) ကိုပါ အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ သုတေသနများ ပြုလုပ်ရာမှာ နောက်ထပ်အရေးကြီးတဲ့ သုတေသနကတော့ ကိုယ်စားလှယ်လောင်းဆိုင်ရာ သုတေသန ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ သုတေသီများက ဘယ်လို မဲဆန္ဒနယ်မြေမှာ ဘယ်လိုအရည်အချင်းနဲ့ အရည်အသွေးရှိသော ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ရင် အနိုင်ရမလဲ ဆိုတာကို သုံးသပ်နိုင်စွမ်း ရှိပါတယ်။ ဥပမာအားဖြင့် မြင်းပွဲမှာ လောင်းကြေး ကစားသူများကဲ့သို့ ဘယ်မြင်းက ဘယ်လို အခြေအနေရှိသလဲ၊ နိုင်ချေမည်မျှဆိုတာ တွက်ချက်နိုင်ပုံမျိုး ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်နိုင်ရေးအတွက် နယ်မြေအခြေအနေ၊ နယ်မြေခံပြည်သူလူထု အခြေအနေ၊ ပါတီများရဲ့ အခြေအနေ၊ လူထုရဲ့ လိုအင်ဆန္ဒနဲ့ အကျိုးစီးပွား၊ ပြိုင်ဘက်များရဲ့ ခြေလှမ်း သုံးသပ်နိုင်မှု စတာတွေကို ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုပါတယ်။ ဒီလို သုတေသီများရဲ့ ကိုယ်စားလှယ်လောင်းဆိုင်ရာ သုတေသနများကို အခြေခံပြီး ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှုက အောင်နိုင်ရေး ကမ်ပိန်းများအတွက် အသုံးဝင်ပါတယ်။ ပြိုင်ဘက်များရဲ့ ခြေလှမ်းများကို သုံးသပ်နိုင်မှုအကြောင်းကို သီးခြားဆောင်းပါးအနေနဲ့ ရေးသားဖော်ပြသွားပါမယ်။
စစ်မြေပြင်မှာ 'no information, no operation' ဆိုတဲ့ စစ်ဥပဒေသတခု ရှိပါတယ်။ ရွေးကောက်ပွဲ ဆိုတာကလည်း လက်နက်မကိုင်သော စစ်ပွဲ၊ သွေးမြေမကျသော စစ်ပွဲ (ခြွင်းချက်- ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုများ ပေါ်ပေါက်သွားရင်တော့ သွေးမြေကျတတ်ပါတယ်) ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာအတွက် ယှဉ်ပြိုင်ပွဲ ဖြစ်ပါတယ်။ ဒါကြောင့် သတင်းအချက်အလက် အပြည့်အစုံ၊ သုတေသန အစုံအလင်နဲ့ ရွေးကောက်ပွဲစစ်မြေပြင်ကို သွားခြင်းက မည်းမည်းမြင်တိုင်း လိုက်ပစ်နေခြင်းထက် ပိုမိုပြီး၊ အောင်ပွဲကို ဦးတည်စေနိုင်တာကြောင့် ရွေးကောက်ပွဲဆိုင်ရာ သုတေသန (electoral research) ကို ကမ္ဘာတ၀ှမ်းက နိုင်ငံရေးပါတီများက အလေးထားတတ်လေ့ရှိပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး