ကိုယ်စားလှယ်လောာင်းတွေကို လဲပေးဖို့ လှည်းကူးအန်အယ်ဒီအဖွဲ့ဝင်တချို့ ဆန္ဒပြ

2K
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကနေ အတည်ပြုလိုက်တဲ့ လှည်းကူးမြို့နယ် ကိုယ်စားလှယ်လောင်း တွေကို အမြန်ဆုံးလဲလှယ်ပေးဖို့ ပါတီဝင်တွေနဲ့ မြို့ခံလူထု ၈၀ ကျော်က ဒီနေ့ မနက်မှာ တောင်းဆို ဆန္ဒပြခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပတော့မယ့်ရွေး ကောက်ပွဲ ကို ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် လှည်းကူးမြို့နယ်ကနေ၀င်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းရွေး ချယ်ပေးမှုကို မကြိုက်နှစ်သက်တဲ့အတွက် ဗဟန်းမြို့နယ်မှာရှိတဲ့ ဗိုလ်စိန်မှန် ကွင်းမှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအနေနဲ့ မြို့နယ်က ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ် လောင်းကိုရွေးချယ်မှုမလုပ်ခဲ့ဘဲ ဗဟို ဦးစီး စနစ်ပုံစံဖြစ်ပြုလုပ်တာကို မကျေနပ်တဲ့ အတွက် အခုလို ဆန္ဒပြတောင်းဆိုရခြင်းဖြစ်တယ်လို့ လှည်းကူးမြို့၊ နယ်ဖောင်ကြီးအရှေ့အုပ်စု ဆေးရုံကုန်းရပ်ကွက် ရပ်ကျေးဥက္ကဋ္ဌဦးမြင့်လှိုင်က ပြောပါတယ်။
“မြို့နယ်ကနေ ရွေးချယ်ပြီးတင်ပေးလိုက်တဲ့လူတွေပေါ့လေ။ အဲဒီလူတွေကို ကျနော်တို့ အခု သိလိုက်တဲ့အချိန်မှာ အရည်အချင်း တဖက်သားကို မယှဉ်နိုင်ဘူးပေါ့။ ပါတီဝိတ်ပဲရှိမယ်။ လူဝိတ်မရှိဘူး။ အဲဒါကြောင့် ကျနော်တို့က ကန့်ကွက်ရတာဖြစ်ပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကနေ ရွေးချယ်ပေးလိုက်တဲ့ လှည်းကူးမြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ တခြားပါတီက နယ်ခံလွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ရှုံးနိမ့်နိုင်ခြေတွေရှိတဲ့ အတွက် ပြန်လဲပေးဖို့ ဗဟိုကို တောင်းဆိုခဲ့ပေမယ့်အခုချိန်ထိ ဖြေရှင်းမှုတွေ မလုပ်ပေးဘူးလို့လဲ ဆန္ဒပြခဲ့တဲ့သူတွေက ပြောပါတယ်။
ဗဟိုကနေပြီး လှည်းကူးမြို့နယ်မှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ဦးသိန်းတန်၊ တိုင်းဒေသ ပြီး လွတ်တော်မဲဆနန္ဒနယ်(၁)အတွက် ဒေါ်မြတ်မာလာထွန်းနဲ့ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (၂)အတွက်က ဦးဖြိုးမင်းသိန်းကို ရွေးချယ်ထားတာဖြစ်ပါတယ်။
တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (၂)အတွက် ရွေးချယ်ခံရတဲ့ ဦးဖြိုးမင်းသိန်းကတော့ အခု ရွေးချယ်ခံရတဲ့ကိုယ်စားလောင်းတွေက မြို့နယ်က တင်တဲ့သူတွေသာဖြစ်ပြီး ဒီဆန္ဒပြမှုဟာ အန်အယ်ဒီကို နာမည်ပျက်အောင်လုပ်နေတဲ့အခြေအနေတရပ်လို့သာ မြင်ကြောင်း ပြောပါတယ်။
“ကျနော်တို့ လှည်းကူးမှာ လွှတ်တော်ကိုယ်စားလှယ် ၄ နေရာရှိပါတယ်။ အခု သူတို့ ၂ နေရာကို ထောက်ပြ ကြတယ်ပေါ့ဗျာ။ ဒီ ၂ နေရာကို ရွေးချယ်တဲ့နေရာမှာလည်း ဗဟိုက ဆုံးဖြတ်ထား တာမဟုတ်ပါဘူး။ ကျနော်တို့ မြို့နယ်ကနေတင်တာ။ ကျနော်တို့ တကယ့်ကို သေသေချာချာ ရွေးချယ်ပြီး တော့ကို တင်တာပါ။ ဒါကို မကြိုက်ဘူးဆိုတဲ့အခြေအနေမှာ နောက်ထပ် ဘာကို ကြိုက်သလဲဆိုတဲ့ အခြေအလည်း သူတို့ ပြောနိုင်တဲ့အခြေအနေမရှိပါဘူး။ နောက်ပြီး ဒါက မြို့နယ် အမှုဆောင်အဖွဲ့က ဆောင်ရွက်တာမဟုတ်ဘူး။ မြို့နယ်အောင်နိုင်ရေးက ဆောင်ရွက်တာလည်း မဟုတ်ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါဝင်မှုမရခဲ့တဲ့ ဘေးထွက်နေတဲ့ သူတွေကနေပြီးတော့ ဒီအခြေအနေတခုကို ပြောတာဖြစ်ပါတယ်။ အဖွဲ့ချုပ်ကို နာမည်ပျက်အောင်လုပ်နေတဲ့ အခြေအနေတရပ်လို့ပဲ ကျနော်မြင်ပါတယ်။ ”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်ရွေးချယ်မှုတွေကို အောက်ခြေကိုဆုံးဖြတ်ပိုင်ခွင့် ပေးမထားဘဲ ဗဟိုအလုပ်မှုဆောင်တွေရဲ့ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းနဲ့ ဒီဗွီဘီ တွေ့ဆုံစဉ်က ပြောဆိုခဲ့ပါတယ်။