A d v e r t i s e m e n t With Us

ဂျာမန်ဝင်းက်စ် လေယာဉ်ပျက်ကျမှု ကျန်ရစ်မိသားစုဝင်များ လေယာဉ်ကုမ္ပဏီကို တရားစွဲမည်

ဂျာမန်ဝင်းက်စ် (Germanwings) လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားသူတွေရဲ့ မိသားစုတွေက  လုဖ်သန်ဇာ (Lufthansa) လေယာဉ်ကုမ္ပဏီကို တရားစွဲဖို့ ရှိပါတယ်။ လေယာဉ်ကုမ္ပဏီက ပေးတဲ့ လျော်ကြေးငွေကို နည်းလွန်းတယ်ဆိုပြီး ပယ်ချခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုမှာ အခုလို တရားစွဲဖို့ ပြင်ဆင်တာလို့ မိသားစုတွေရဲ့ ရှေ့နေကို ကိုးကားပြီး ဂျာမန်သတင်းစာ Bild am Sonntag က အစီရင်ခံပါတယ်။ မတ်လ ၂၄ ရက်နေ့က ပျက်ကျသွားတဲ့ လေယာဉ်ပေါ်မှာ လူ ၁၅၀ လိုက်ပါခဲ့ပြီး အားလုံး သေဆုံးခဲ့ပါတယ်။ လေယာဉ်ပျက်ကျပြီး မကြာခင်မှာပဲ သေဆုံးသူ ခရီးသည် တယောက်စီအတွက် ယူရို ၅ သောင်းစီ ငွေကြေး အထောက်အပံ့ပေးခဲ့ပြီး စာနာကြေးအဖြစ် ယူရိုငွေ ၂၅၀၀၀ ကို ကုမ္ပဏီက ထပ်ဆောင်းပေးဖို့ ကမ်းလှမ်းထားပါတယ်။ အမေရိကန်ဥပဒေအရ စိတ်ပိုင်းထိခိုက်မှုနဲ့ ပတ်သက်လို့ လျှော်ကြေးငွေပမာဏ အမြောက်အမြား ခံစားခွင့်ရှိလို့ ဂျာမနီ ဥပဒေနဲ့ မတူပါဘူး။ ဒါပေမယ့် သိန်းဂဏန်း အနည်းအကျဉ်း ပေးရုံနဲ့တော့ လုံလောက်နိုင်တယ်လို့ ရှေ့နေက ပြောပါတယ်။ အခုလို တရားစွဲမယ့်ကိစ္စနဲ့ ပတ်သက်လို့ လေယာဉ်ကုမ္ပဏီက မှတ်ချက် မပေးပါဘူး။ ဒါပေမယ့် သေဆုံးသူ တယောက်ချင်းစီအတွက် အနည်းဆုံး ယူရိုငွေ ၁ သိန်းစီပေးဖို့ အစီအစဉ်ရှိပြီး မိသားစု တခုချင်းရဲ့ အခြေအနေကိုကြည့်ပြီး ယူရို ၁ သန်းလောက်အထိ အများဆုံး တိုးပေးနိုင်တယ်လို့ ဆိုပါတယ်။ တရားစွဲမယ့်ကိစ္စမှာ စိတ်ကျဝေဒနာ ခံစားခဲ့ဖူးတဲ့ အင်ဒရေးစ် လုဘစ်ဇ် (Andreas Lubitz) ကို လေကြောင်းလိုင်းက ပူးတွဲလေယာဉ်မှူးအဖြစ် တာဝန်ပေးရတဲ့ အကြောင်းရင်းကို ဥပဒေကြောင်းအရ ဖြေရှင်းချက် တောင်းခံမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up