ယီမင် စစ်အခြေအနေ ကပ်ဘေးဆိုက်နေပြီဟု အိုင်စီအာရ်စီပြော

ဓာတ်ပုံ - ရိုက်တာ
နိုင်ငံတကာကြက်ခြေနီအဖွဲ့ကြီး (အိုင်စီအာရ်စီ) ရဲ့ ဥက္ကဋ္ဌ ပီတာမော်ရာ (Peter Maurer) က လက်ရှိ ယီမင်စစ်အခြေအနေဟာ ကပ်ဘေးဆိုက်နေပြီလို့ သြဂုတ် ၉ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ ပီတာမော်ရာဟာ ယီမင်နိုင်ငံမြို့တော် ဆာနာကို သြဂုတ် ၈ ရက်နေ့က ၂ ရက်ကြာ ခရီးစဉ်နဲ့ ရောက်ရှိလာတာပါ။ ၄ လကြာပြီဖြစ်တဲ့ ယီမင်ပြည်တွင်းစစ် အပျက်အစီး အခြေအနေ၊ လက်ရှိ လူသားချင်း အကူအညီလိုအပ်မှု၊ စီမံခန့်ခွဲမှု အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုခဲ့တာပါ။ “လက်ရှိ ယီမင်စစ်အခြေအနေကတော့ ကပ်ဘေးဆိုက်နေပါပြီ။ အဓိပ္ပာယ်ကတော့ ကျနော်တို့ အခုထက်ပိုပြီး ကြိုးစားအားထုတ်ရမယ်၊ ကူညီပံ့ပိုးရမယ်ဆိုတာပါပဲ။” ပီတာမော်ရာဟာ သူ့ရဲ့ ခရီးစဉ်အတွင်း ယီမင်ကျန်းမာရေးဝန်ကြီး၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး၊ သမ္မတရုံးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သြဂုတ် ၁၀ ရက်နေ့မှာ နိုင်ငံတောင်ပိုင်းက အေဒင်ဆိပ်ကမ်းမြို့ကိုလည်း သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လကုန်က ရှီးယားမွတ်စလင် ဟူသီသူပုန်တွေကို ဆော်ဒီဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ စတင်ချိန်ကစပြီး စစ်အတွင်း သေဆုံးသူ ၃၈၀၀ ကျော်သွားပြီလို့ အိုင်စီအာရ်စီ  စာရင်းတွေက ဆိုပါတယ်။ ယီမင်ပြည်သူ ၁ ဒသမ ၃ သန်းကျော်ဟာလည်း စစ်အတွင်း တိမ်းရှောင်ထွက်ပြေးနေကြရပြီး အိုင်စီအာရ်စီ လူမှုဝန်ထမ်း ၄ ဦးလည်း တိုက်ပွဲအတွင်း သေဆုံးခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up