စင်ကာပူတပ်မတော် စစ်ရေးပြရုပ်သံ

စင်ကာပူနိုင်ငံ အနှစ် ၅၀ ပြည့်အခမ်းအနားကို ပျော်ပွဲရွှင်ပွဲတွေ၊ စင်ကာပူ တပ်မတော်စစ်ရေးပြပွဲတွေနဲ့ သြဂုတ်လ ၉ ရက်နေ့က စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။ နှစ်ပေါင်း ၅၀ အတွင်း စင်ကာပူနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို အကြီးအကျယ်အောင်မြင်ခံခဲ့ပြီး ဒီလူထုထောက်ခံမှုနဲ့ လာမယ့်လမှာ လက်ရှိအာဏာရ ပီအေပီပါတီက ရွေးကောက်ပွဲ ကျင်းပမယ်လို့ မျှော်လင့်ရပါတယ်။ ၁ နှစ်အတွင်း ဒုတိယအကြိမ်မြောက် စင်ကာပူပြည်သူတွေ သွေးစည်းညီညွတ်မှုကို ပြသခဲ့တာဖြစ်ပြီး ပထမတခေါက်ကတော့ စင်ကာပူနိုင်ငံကို တည်ထောင်သူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယူကွယ်လွန်ခဲ့တဲ့ မတ်လကုန်က ဖြစ်ပါတယ်။ “တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ။ မနက်အိမ်က ထွက်လိုက်တာနဲ့ တွေ့မြင်သမျှအရာလုံးဟာ နှစ် ၅၀ အတွင်း အစွန်းကုန်ကြိုးစားအားထုတ်ခဲ့မှုရဲ့ အောင်မြင်မှုရလဒ်တွေပါပဲ။ ဒီအချိန်ဟာ နောက်ထပ် တိုးတက်အောင်မြင်မယ့် နှစ် ၅၀ ရဲ့အစလို့ မျှော်လင့်ပါတယ်။” အရင်က ဗြိတိသျှကိုလိုနီဖြစ်ခဲ့တဲ့ စင်ကာပူဟာ ၁၉၆၅ ခုနှစ်က မလေးရှားနိုင်ငံကနေ ခွဲထွက်ခဲ့ပြီး နှစ်ပေါင်း ၅၀ အတွင်း ကမ္ဘာ့နိုင်ငံတွေက အတုယူလေးစားရတဲ့ စီးပွားရေး၊ လူမှုရေးစံနမူနာ နိုင်ငံတနိုင် ဖြစ်လာခဲ့တာပါ။ ပရိသတ် ၂ သိန်းရှေ့မှာ စင်ကာပူလေတပ်က တိုက်လေယာဉ်တွေက အနှစ် ၅၀ စာလုံးပုံဖော်ပျံသန်းပြခဲ့ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုကို ဂုဏ်ပြုပွဲအထူးအစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။ ဒေသတွင်း နိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်၊ ဂျပန်ဒုဝန်ကြီးချုပ်၊ ဘရူနိုင်းဘုရင်တို့လည်း နှစ် ၅၀ ပြည့်အခမ်းအနားပွဲကို တက်ရောက်ခဲ့ပါတယ်။

More News
Up