ကုလ ၀န်ထမ်းများ အသုံးပြုသည့် ဟိုတယ်ကို အိုင်အက်စ်ဝင်စီး (ရုပ်သံ)

မာလီနိုင်ငံ အလယ်ပိုင်းက ဆက်ဗာရီမြို့မှာ အစ္စလာမ္မစ် အကြမ်းဖက်သမားတွေလို့ ယူဆရတဲ့ အဖွဲ့တဖွဲ့က  ကုလသမဂ္ဂ ၀န်ထမ်းတွေ အသုံးပြုတဲ့ ဟိုတယ်တလုံးကို ၀င်စီးခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပြီး လူ ၁၂ ယောက်ထပ် မနည်း သေဆုံးခဲ့ပါတယ်။ နိုင်ငံရဲ့မြို့တော် ဘာမာကိုမြို့ရဲ့ အရှေ့မြောက်ပိုင်း မိုင် ၄၀၀ အကွာမှာ ရှိတဲ့ မြို့မှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။ သေနတ်သမားတွေဟာ သြဂုတ် ၇ ရက်နေ့ မနက်အစောပိုင်းက ဟိုတယ်အပြင်ဘက်မှာ ရှိတဲ့  ကားတစီးကို မီးရှို့ခဲ့ပြီး  ကုလသမဂ္ဂ ၀န်ထမ်းတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ မာလီ လုံခြုံရေးနဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီး ဗိုလ်ချုပ်ကြီး စာတာ ဆမ်မာကီက ပြောပါတယ်။ ဟိုတယ်အတွင်းမှာ မီးလောင် သေဆုံးနေတဲ့ အလောင်းတလောင်းကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။ ပြင်သစ်တပ်ဖွဲ့တွေ အကူအညီပေးထားတဲ့ မာလီစစ်တပ် အထူးတပ်ဖွဲ့က သြဂုတ် ၈ ရက်နေ့မှာ ဟိုတယ်ကို ပြန်သိမ်းနိုင်ခဲ့တယ်လို့ ကာကွယ်ရေး ၀န်ကြီးက ပြောပါတယ်။ ဒါပေမယ့် ပြင်သစ်စစ်သားတွေကိုယ်တိုင် စစ်ဆင်ရေးမှာ တိုက်ရိုက် ပါဝင်ခြင်း မရှိခဲ့ဘူးလို့ ပြင်သစ် စစ်တပ်က ပြောပါတယ်။ မာလီစစ်တပ် ပြောခွင့်ရသူက အခုနောက်ဆုံး တိုက်ခိုက်မှုကို မက်စီနာ လွတ်မြောက်ရေး တပ်ဦးက စီစဉ်တာ ဖြစ်ပုံရတယ်လို့ ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ မာလီနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးအဖွဲ့ ရဲ့ အဆိုအရ ကုလသမဂ္ဂ ၀န်ထမ်းတွေဖြစ်တဲ့  တောင်အာဖရိက နိုင်ငံသား ၂ ဦး၊ ရုရှား နိုင်ငံသား ၁ ဦး၊ ယူကရိန်း နိုင်ငံသားတဦးတို့ လွတ်မြောက်လာတယ်လို့ ပြောပါတယ်။ ဒါပေမယ့် နီပေါ၊ တောင်အာဖရိက၊ ယူကရိန်းနဲ့ မာလီက ၀န်ထမ်း ၅ ယောက် သေဆုံးသွားတယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သံသယံရှိတဲ့ လူ ၇ ယောက်ကို ဖမ်းဆီးထားတယ်လို့လည်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။

More News
Up