တရုတ် တွင် တိုင်ဖုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၈ ဦး ရှိပြီ (ရုပ်သံ)

2.5K
ဆိုဒီလော တိုက်ဖုန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံ အရှေ့ပိုင်းပြည်နယ်မှာ လူ ၈ ဦးထက် မနည်းသေဆုံးပြီး တချို့ ဒေသတွေမှာ ရေကြီး ရေလျှံမှုတွေ ကြုံနေရပါတယ်။
မုန်တိုင်းဟာ အရှေ့ဘက် ကမ်းရိုးတန်း ဒေသကို စနေနေ့ ည ၁၀ နာရီ ၁၀ မိနစ်အချိန်မှာ ၀င်ရောက်ခဲ့ပြီး အခုတော့ အားပျော့သွားပါပြီ။
မုန်တိုင်းကြောင့် ရှီကျန်းနဲ့ ဖူဂျန် ပြည်နယ်တွေမှာ ရေကြီးနေပြီး လူ ၁ သန်းခွဲနီးပါး လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။
ရှီကျန်း ပြည်နယ်တခုတည်းမှာ လူ ၈ ယောက် သေဆုံးခဲ့ပြီး ၄ ယောက် ပျောက်ဆုံးနေတယ်လို့ စီစီတီဗီသတင်းက ဆိုပါတယ်။
ရှီကျန်း ပြည်နယ်ထဲက ပင်ယန်မြို့မှာ အိမ်တွေထဲ ပိတ်မိနေတဲ့ လူတွေကို သြဂုတ် ၉ ရက်နေ့အထိ ကယ်ထုတ်ဖို့ ကြိုးစားနေတုန်းပါပဲ။
ဒါပေမယ့် သြဂုတ် ၉ ရက်နေ့ နှောင်းပိုင်းမှာပဲ နောက်ထပ် မုန်တိုင်းတွေ ၀င်ရောက်နိုင်တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးနေရတယ်လို့ စီစီတီဗီ သတင်းက ဆိုပါတယ်။
မုန်တိုင်းဟာ တရုတ်ပြည်မကြီးကို မ၀င်ခင် စနေနေ့ မနက်စောစောပိုင်း ထိုင်ဝမ်ကို ၀င်ရောက်ခဲ့ပြီး ၆ ဦးထက် မနည်းသေဆုံး၊ ၁၈၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
အိမ်ခြေ ၃ သန်းလောက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး လူထောင်ပေါင်းများစွာကိုလည်း ဘေးလွှတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ထိုင်ဝမ် အရေးပေး ကယ်ဆယ်ရေးဌာနက ပြောပါတယ်။