A d v e r t i s e m e n t With Us

ချီလီ လျှို့ဝှက်ထောက်လှမ်းရေးအကြီးအကဲဟောင်း ကွယ်လွန်၊ အာဏာရှိစဉ်မှတ်တမ်းရုပ်သံ

ချီလီအာဏာရှင် ပီနိုရှေးလက်ထက်က လျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ  အဖြစ် တာဝန်ထမ်းခဲ့တဲ့ အသက် ၈၆ အရွယ် ဗိုလ်ချုပ်ဟောင်း မန်နူရယ် ကွန်ထရီးရက်စ်ဟာ သြဂုတ် ၇ ရက်နေ့က ကွယ်လွန်သွားတယ်လို့ အကျဥ်းထောင် ၀န်ဆောင်မှုဌာနက သတင်းထုတ်ပြန်ပါတယ်။ ချီလီမှာ၊ ၁၉၇၃ စက်တင်ဘာ ၁၁ က ဗိုလ်ချုပ် ပီနိုရှေးဟာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရတဲ့ ဆိုရှယ်လစ်ဝါဒီ သမ္မတ ဆယ်ဗာဒေါ အလန်ဒီဆီကနေ အာဏာသိမ်းခဲ့ပါတယ်။ သူ့လက်ထက်မှာ လူထောင်ပေါင်းများစွာ ဖမ်းဆီး သတ်ဖြတ်အစဖျောက်ခံခဲ့ရပြီး လူပေါင်း ၂၈၀၀၀ လည်း ညှဉ်းပန်း နှိပ်စက်ခံခဲ့ရပါတယ်။ အဲဒီအချိန်က ထောက်လှမ်းရေးအဖွဲ့ရဲ့ အကြီးအကဲဖြစ်တဲ့ ကွန်ထရီးရက်စ်ဟာ အကျဉ်းစခန်းတွေ၊ စစ်ကြောရေးစခန်းတွေကို ကြီးကြပ်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ နိုင်ငံရေး ဖိနှိပ်မှု၊ နိုင်ငံရေး လုပ်ကြံမှုတွေကို စီစဉ်ကြိုးကိုင်သူအဖြစ်လည်း သတ်မှတ်ခံရပါတယ်။ ချီလီကို ၁၇ နှစ်တာ အုပ်ချုပ်ခဲ့တဲ့ ပီနိုရှေးဟာ အသက် ၉၁ နှစ်အရွယ် ၂၀၀၆ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး သူကျူးလွန်ခဲ့တဲ့  ရာဇ၀တ်မှုတွေအတွက် အချိန်ပြည့်ခုံရုံးတင်တာ မခံခဲ့ရပါဘူး။ ဒါပေမယ့် သူ့လက်အောက်မှာ ထောက်လှမ်းရေး အကြီးအကဲအဖြစ် တာဝန်ထမ်းခဲ့တဲ့ ဗိုလ်ချုပ် ကွန်ထရီးရက်စ်ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေအတွက် အမှု ရင်ဆိုင်ခဲ့ရပြီး စီရင်ချက်ပေါင်း ၅၈ ခုအတွက် ထောင်ဒဏ် ၅၀၅ နှစ် ကျခံခဲ့ရပါတယ်။ သူ့ဘ၀ရဲ့ နောက်ဆုံးအချိန်တွေမှာ ကျန်းမာရေး ဆိုးရွားခဲ့ပြီး အရင်လကတည်းက အူမကြီးကင်ဆာနဲ့ ဆီးချိုရောဂါတို့ကြောင့် စစ်ဆေးရုံတင်ခဲ့ရပါတယ်။ ကွန်ထရီးရက်စ်ဟာ ဗိုလ်ချုပ်ဟောင်းဖြစ်ပေမယ့် ၂၀၀၉  ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ သမ္မတ အမိန့်အရ သူ့ကို စစ်အခမ်းအနားနဲ့ ဂုဏ်ပြုမှာ မဟုတ်ပါဘူး။

A d v e r t i s e m e n t With Us

More News
Up