A d v e r t i s e m e n t With Us

ဘင်္ဂလားဒေ့ရှ် ဘလော့ဂါတဦးကို တောခုတ်ဓားကိုင်ထားသူများက သတ်ဖြတ်(ရုပ်)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမှာ တောခုတ်ဓားတွေကို ကိုင်ထားတဲ့ တိုက်ခိုက်သူတွေက အင်တာနက် ဘလော့ပေါ်မှာ စာရေးသူ ဘလော့ဂါတယောက်ကို သြဂုတ် ၇ ရက်နေ့က ဝိုင်းခုတ်သတ်ဖြတ်လိုက်ပါတယ်။ ဒါဟာ ဘာသာရေးအစွန်းရောက်မှုကို အင်တာနက်ပေါ်ကနေ ဝေဖန်သူ ဘလော့ဂါတယောက် ၆ လမပြည့်ခင် လေးယောက်မြောက် အသတ်ခံရမှုပါ။ လောကီသီးသန့်ဝါဒကို လှုံ့ဆော်သူ အသက် ၄၀ အရွယ် နီလွိုင် ချတ်တာဂျီးဟာ သူ့အိမ်တိုက်ခန်းမှာ အသတ်ခံရတာလို့ ရဲအရာရှိ မူစတာဖဇ်ဇာ ရာမန်က ပြောပါတယ်။ တက်ကြွလှုပ်ရှားသူနဲ့ ဘလော့ဂါတွေရဲ့ ခေါင်းဆောင် အင်မ်ရန် စာခါက အသတ်ခံရသူဟာ တခြားဘလော့ဂါတွေ အသတ်ခံရမှုအတွက် တရားမျှတမှုကို တောင်းဆိုနေသူ ဖြစ်တယ်၊နီလွိုင်အတွက် တရားမျှတမှုကိုတောင်းဆိုဖို့ နောက်ထပ် ဘယ်သူဖြစ်မလဲ” လို့ ပြောပါတယ်။ နီလွိုင်နီးလ် ဆိုတဲ့ ကလောင်နာမည်ကို သုံးစွဲသူ ဘလော့ဂါ ချတ်တာဂျီးဟာ ဗလီတွေကို ဗုံးခွဲတာ၊ အရပ်သားတွေကို သတ်ဖြတ်တာတွေ ဖြစ်စေတဲ့ ဘာသာရေး အစွန်းရောက်မှုကို ဝေဖန်သူလို့ စာခါက ဆိုပါတယ်။ ချတ်တာဂျီးဟာ ၁၉၇၁ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲအတွင်း အလွန်အမင်း ရက်စက်ယုတ်မာမှုတွေနဲ့ စွပ်စွဲခံထားရတဲ့ အစ္စလာမ္မစ် ခေါင်းဆောင်တွေကို သေဒဏ်ပေးဖို့ တောင်းဆိုတဲ့ ရာနဲ့ချီတဲ့ ဘလော့ဂါတွေထဲက တယောက်ပါ။ လူဦးရေ သန်း ၁၆၀ ရှိပြီး မွတ်စလင်အများစုနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အစိုးရ ဟာ နိုင်ငံကို ရှရီးယားဥပဒေ နဲ့ အုပ်ချုပ်စေချင်တဲ့ အစ္စလာမ္မစ် အမာခံ အုပ်စုတွေကို နှိမ်နင်းဖို့ ကြိုးစားခဲ့ပြီး စစ်သွေးကြွတွေကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းက ဘလော့ဂါတွေကို ပစ်မှတ်ထားလာခဲ့ကြပါတယ်။ ဖေဖော်ဝါရီ မတ်နဲ့ မေလတွေတုန်းကလည်း ဘလော့ဂါတွေကို တောခုတ်ဓားကိုင် တိုက်ခိုက်သူတွေက တိုက်ခိုက်သတ်ဖြတ်ခဲ့ကြပါသေးတယ်။ မေလထဲမှာပဲ အိန္ဒိယနွယ်ဖွား အယ်လ်ကိုင်းဒါး အဖွဲ့ရဲ့ အိန္ဒိယတိုက်ငယ် ခေါင်းဆောင်က ဘလော့ဂါကို သတ်ဖြတ်မှု အပါအဝင် ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန် နိုင်ငံတွေက တိုက်ခိုက်မှုတွေအတွက် တာဝန်ခံကြောင်း အခိုင်အမာ ပြောခဲ့ပါတယ်။ အမေရိကန်ကတော့ ဒီပြောဆိုချက်ကို အတည်မပြုနိုင်သေးဘူးလို့ ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up