တူရကီမောင်နှံ မင်္ဂလာဧည့်ခံပွဲ ကုန်ကျငွေ ဒုက္ခသည် ၄၀၀၀ ကို ကျွေးမွေး (ရုပ်သံ)

4.6K
တူရကီနိုင်ငံက အသစ်စက်စက် မင်္ဂလာမောင်နှံဟာ သူတို့ရဲ့ မင်္ဂလာဧည့်ခံပွဲအတွက် သုံးမယ့်ငွေကို ဆီးရီးယားဒုက္ခသည် အယောက် ၄၀၀၀ နဲ့ အတူ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့က မျှဝေခဲ့ပါတယ်။
မင်္ဂလာမောင်နှံဟာ မင်္ဂလာဝတ်စုံကို ဝတ်ဆင်ပြီး တူရကီနိုင်ငံတောင်ပိုင်းက ဆီးရီးယားနယ်စပ်မြို့ ကီလစ်မှာ ကုန်ကားတစီးပေါ်ကနေ လူကြိုက်များတဲ့ ဆီးရီးယား စားသောက်ဖွယ်တွေကို ဝေမျှ ကျွေးမွေးခဲ့တာပါ။
ကမ္ဘာတလွှား ဒုက္ခသည်တွေကို ထောက်ပံ့နေတဲ့ အကျိုးအမြတ်မယူတဲ့ ကူညီရေးနဲ့ တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်း (ကေ၀ိုင်လ်အမ်) က ဒီပွဲကို ကူညီစီမံပေးခဲ့ပါတယ်။
ကေ၀ိုင်လ်အမ်အဖွဲ့မှာ လုပ်အားပေးနေတဲ့ သတို့သားရဲ့ ဖခင်က ဒီလို စီစဉ်ဖို့ အတွေးရခဲ့တာပါ။ အနားမှာ လူတွေ အများကြီး အကူအညီလိုနေချိန်မှာ မင်္ဂလာဆောင်ရတာ မသက်မသာ ခံစားရတယ်လို့ ပြောရင်း အဖွဲ့အစည်းဆီကို စာရေးသားခဲ့ပါတယ်။
သတို့သားကလည်း မင်္ဂလာဆောင်မှာ ဒုက္ခသည်တွေကို ကျွေးမွေးရတာဟာ အပျော်ရွှင်ရဆုံး အခိုက်အတန့်ပဲလို့ ပြောပါတယ်။
“ဆီးရီးယား ဒုက္ခသည် ကလေးငယ်တွေရဲ့ မျက်လုံးထဲမှာ ပျော်နေတာကို မြင်ရတာ တန်ဖိုး မဖြတ်နိုင်ဘူး။”
သတို့သမီးကလည်း အစောပိုင်းက ဒီအတွေးအခေါ်ကြောင့် ထိတ်လန့်ခဲ့ပေမယ့် လိုအပ်နေတဲ့ လူတွေအများကြီးကို ကူညီနိုင်ခဲ့လို့ အဆုံးစွန်ထိ ပျော်ခဲ့ရတယ်လို့ ပြောပါတယ်။
၂၀၁၁ မတ်လမှာ ဆီးရီးယား ပြည်တွင်းစစ်စတင်တည်းက ခုထိ တူရကီနိုင်ငံကို ဆီးရီးယားဒုက္ခသည် အယောက် ၁.၇သန်းနီးပါး ရောက်လာခဲ့ပါတယ်။