ဒုတိယကိုရီးယားစစ်ပွဲ ဖြစ်နိုင်ချေရှိဟု အမေရိကန်ကို မြောက်ကိုရီးယား သတိပေး

မြောက်ကိုရီးယား တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ရိုက်တာ)
အာရှ-ပစိဖိတ်ဒေသအတွင်းမှာ အမေရိကန်က စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လုပ်မယ်ဆိုရင် ဒုတိယကိုရီးယားစစ်ပွဲ ဖြစ်နိုင်ချေရှိပြီး ဒီအရေးအတွက် အမေရိကန်မှာ တာဝန်ရှိလာလိမ့်မယ်လို့ မြောက်ကိုရီးယားက သြဂုတ် ၆ ရက်နေ့က သတိပေးခဲ့ပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ လီတောင်ရီက မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ ကျင်းပနေတဲ့ အာဆီယံဒေသတွင်းဖိုရမ်နဲ့ ဆက်စပ်အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာ ဖြစ်ပါတယ်။ “တကယ်လို့ အမေရိကန်က စစ်ရေးမဟာမိတ်ကို ခိုင်မာစေဖို့ တောင်ကိုရီးယားကို အလွဲသုံးစား ဆက်လုပ်ပြီး ကြီးမားတဲ့ စစ်အင်အားကို တည်ဆောက်မှုတွေ တိုးချဲ့နေမယ်ဆိုရင် ဒုတိယကိုရီးယားစစ်ပွဲ ဖြစ်ပွားမှုဆီ ဦးတည်နေတာကို တာဝန်ယူဖို့ ဖိတ်ခေါ်သလို ဖြစ်လိမ့်မယ်။ ကျနော်တို့မှာ အမေရိကန်က ဘယ်လိုပုံစံ စစ်ပွဲကို ရွေးချယ်သည်ဖြစ်စေ ဘယ်လိုစစ်ပွဲကိုမဆို ရင်ဆိုင်ဖို့ စွမ်းအားရှိတယ်။” လို့ ပြောပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး လီဆူးယောင်ဟာ အာဆီယံဒေသတွင်းဖိုရမ်ရဲ့ အဖွဲ့ဝင်တယောက်ဖြစ်ပြီး အမေရိကန်ကလည်း အဖွဲ့ဝင်တယောက် ဖြစ်ပေမယ့် သူတို့ချင်းကတော့ အစည်းအဝေး မလုပ်ခဲ့ကြပါဘူး။ ပြီးခဲ့တဲ့လက အီရန်နဲ့ နျူကလီးယား အစီအစဉ် သဘောတူညီချက် ရခဲ့တာဟာ အရေးကြီးမှုကို ပြနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အစောပိုင်းမှာ ပြောပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားကတော့ အမေရိကန်နဲ့ နျူကလီးယားအရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို ဒီလထဲမှာ ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယား အစီအစဉ်ဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒကို မရှိမဖြစ် ဟန့်တားစရာ ဖြစ်တယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေကြောင့် ကုလသမဂ္ဂနဲ့ အမေရိကန်တို့က မြောက်ကိုရီးယားအပေါ် အကြီးအကျယ် ပိတ်ဆို့ ဒဏ်ခတ်ထားတာပါ။ အမေရိကန်နဲ့ ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံဟာ အီရန်ရဲ့ နျူကလီးယား အစီအစဉ် ကန့်သတ်မှုနဲ့ ဒဏ်ခတ်မှု ပယ်ဖျက်တာကို ဖလှယ်ဖို့ ပြီးခဲ့တဲ့ ဇူလိုင်လက သမိုင်းဝင် သဘောတူခဲ့ကြပါတယ်။ သဘောတူညီမှုအရ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂတို့ဟာ အီရန်အပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်တာကို ပယ်ဖျက်ပေးခဲ့ပြီး အီရန်ကတော့ သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို ကာလကြာရှည် ကန့်သတ်မှု လက်ခံရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up