Home
မေးမြန်းခန်း
တောင်သူတွေ ဘုံးဘုံးလဲသွားလို့ မဖြစ်ဘူး - ဦးဝင်းမျိုးသူ
အေးနိုင်
·
August 7, 2015
ရေဘေးသင့်တဲ့ တိုင်းနဲ့ ပြည်နယ် ၁၂ ခုအနက် မကွေးတိုင်းအတွင်း ပွင့်ဖြူမြို့နယ်တ၀ိုက်က ရေဘေးသင့်လို့ ရေနံချောင်းမြို့ကို သယ်ဆောင်ခဲ့ရတဲ့ ကျွဲနွား ၄၀၀၀ ကျော်ကို မနေ့ကစတင်ပြီး အစားအစာ လှူဒါန်းပါတယ်။ ရေနံချောင်းမြို့က ဆားတိုင်၊ ရန်ကင်း၊ အထက (၃)၊ တောင်ဖီလာ၊ ဘုရားကုန်း၊ ဘဲဆိပ်၊ ရုံးဆိပ် (တောင်)၊ ရုံးဆိပ် (မြောက်)၊ ထိန်ချောင်း၊ မြို့မဘုန်းကြီးကျောင်း၊ ကျောင်းသစ်ကျောင်းတွေမှာ ဖွင့်ထားတဲ့ ရေဘေး ကယ်ဆယ်ရေးစခန်းတွေမှာ လှူဒါန်းတာပါ။ ဒီဆောင်ရွက်ချက်ကို ဦးစီးဆောင်ရွက်တဲ့ EcoDev ရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမျိုးသူနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ [caption id="attachment_106523" align="alignleft" width="524"]ဓာတ်ပုံ - ၀င်းမျိုးသူဖေ့စ်ဘွတ်ခ် ဓာတ်ပုံ - ၀င်းမျိုးသူဖေ့စ်ဘွတ်ခ်[/caption] ပြန်လည်ထူထောင်ရေးမှာ အရေးပါတဲ့ ရေနံချောင်းမြို့မှာ ခိုလှုံနေတဲ့ ရေဘေးသင့်ဒေသက ကျွဲ၊ နွား ၄၀၀၀ ကျော်အတွက် တိရစ္ဆာန်အစာ လှူဒါန်းတယ်လို့ သိရပါတယ်။ ဘယ်လိုဆောင်ရွက်ခဲ့တာ အပါအ၀င် ဒီဖြစ်စဉ်ကို ပြောပြပါ။ “ကျနော်တို့က မကွေးမှာ ပရောဂျက်ရုံးရှိတော့ ရေနံချောင်းတို့၊ ပွင့်ဖြူတို့ဆိုတာ ကျနော်တို့ စီမံကိန်းတွေ ဆောင်ရွက်တော့ ခင်မင်ပြီးသားပေါ့ဗျာ။ အဲဒီတော့ ရေနစ်သွားတဲ့အခါကျတော့ ပွင့်ဖြူဘက် အရှေ့ခြမ်းက ရွာတွေအကုန်လုံးက ရေနံချောင်းဘက်ကို ပြောင်းပြေးကြတာပေါ့။ ပြောင်းပြေးတဲ့အခါ ကျွဲနွားတွေ အများကြီးနဲ့ဆိုတော့ ကျနော်တို့ စဉ်းစားမိတာက တောင်သူဆိုတာက ခင်ဗျား ကျွဲနွားက သူ့အတွက်က သူ့ရဲ့ မိတ်ဆွေပဲလေ။ နောက်တခုက အင်မတန် အဖိုးတန်တာကိုး။ နောက်တခုက ရေကျပြီးတော့ ပြန်စိုက်ပျိုးဖို့ကျတော့လည်း ကျွဲနွားက အဓိကဖြစ်နေတော့ ကျွဲနွားစာတော့ ခက်မှာပဲဆိုပြီးတော့ ကျနော်တို့က စိတ်ကူးရတာပါ။ ရတော့ မကွေးမှာရှိတဲ့ ကျနော်တို့ အန်ဂျီအိုအဖွဲ့တွေကလည်း ဆရာလှူမလားဆိုတော့ စပြီးတော့ ကြေညာလိုက်တော့ အလှူရှင်တွေ ၀င်လာတာပေါ့နော်။ ၀င်လာတော့ ကျနော်တို့က အခု ရေနံချောင်းမှာရှိနေတဲ့ အလှူစခန်းပေါ့ဗျာ။ ကယ်ဆယ်ရေးစခန်းပေါ့။ ကယ်ဆယ်ရေးစခန်း ၁၁ ခုမှာရှိနေတဲ့ ကျွဲနွား ၄၀၀၀ ကျော်လောက်ကို ဒီနေ့ (သြဂုတ်လ ၆ ရက်နေ့) ပဲ စပြီး ပဲဖတ်၊ နှမ်းဖတ်တွေပေါ့ ကျနော်တို့ လှူဖြစ်ပါတယ်။ မန္တလေးက အလှူရှင်တွေက ၀ယ်ပြီးတော့ ပို့ပေးတယ်၊ နတ်မောက်ကနေ လာပို့ပေးတယ်။ ကျနော်တို့က ယူသွားပြီးတော့ စခန်းတခုချင်းဆီမှာရှိတဲ့ ရပ်မိရပ်ဖတွေ၊ စခန်းက တောင်သူတွေနဲ့ ကျနော်တို့ ဝေဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ ဒီဖေ့စ်ဘွတ်ခ်နဲ့ပဲ ဆက်ဝေတော့ ကျနော်တို့ အခု ပုပ္ပားတို့ဘာတို့ကလည်း မြက်စိုတွေလာပြီးတော့ လှူကြတယ်ဆိုတော့ ဟန်ကျသွားတာပေါ့ဗျာ။ အစာစိုနဲ့ ဒီပဲဖတ်၊ နှမ်းဖတ်လေးနဲ့ဆိုတော့ ကျွဲနွားတွေအတွက်က နည်းနည်း အဆင်ပြေသွားပါတယ်။” ဒီကျွဲနွား ၄၀၀၀ လောက်က အဓိကအားဖြင့် ဘယ်နေရာတွေကနေ သယ်လာကြတာလဲ။ “ပွင့်ဖြူဘက်ခြမ်းပေါ့။ ရေကြီးသွားတော့ ပွင့်ဖြူဘက်ခြမ်းက။ ရေကြီးတော့ ဧရာဝတီမြစ်ထဲမှာနေတဲ့ ကျေးရွာတွေလည်း ရှိတယ်ဗျာ။ သူတို့တွေက အကုန်မြုပ်သွားတော့ ရေနံချောင်းဘက်ကို ကူးသွားတယ်။ ဒီလိုပဲ ပွင့်ဖြူဘက်က မြုပ်သွားတော့ ပွင့်ဖြူဘက်ခြမ်းမှာရှိတဲ့ ရွာတွေဘက်က လူတွေကလည်း အကုန်လုံး ရေနံချောင်းကိုပဲ ကယ်ဆယ်ရေးစခန်းကို ပြေးကြတာပေါ့နော်။ ပြေးတော့ နွားတွေမနေနိုင်လို့ နွားတွေ သယ်လာတော့ ဖေ့စ်ဘွတ်ခ်ထဲမှာ ဇက်တွေပေါ်မှာ နွားတွေ တွေ့တာပေါ့။ အဲဒီတော့ အဲဒီလောက် နွားအများကြီးဆို ဘယ့်နှယ်လုပ်ကြမလဲ ကျနော်တို့စိတ်ပူနေတာ။ အဲဒီမှာတင် ကျနော်တို့နဲ့ တွဲလုပ်တဲ့ မိတ်ဖော်တွေက ဆရာရေ ကူကြပါဦး၊ ဟိုမှာ နွားတွေကတော့ အများကြီးပဲ ၄၀၀၀၊ ၅၀၀၀ လောက်ဖြစ်နေပြီ။ အခုဆို ၈၀၀၀ လောက်တောင်ကြားတယ်။ ဒါပေမယ့် ကျနော်တို့ မနေ့က စာရင်းကောက်ထားတော့ ၄၀၀၀ ကနေ ၆၀၀၀ ကြားလောက်ရှိတယ်။ ဒီနေ့ (သြဂုတ် ၆ ရက်) ကျနော်တို့ကတော့ စခန်း ၁၁ ခုလုံး လှည့်ပြီးတော့ ဝေလိုက်နိုင်တယ်ပေါ့။ နောက် ၂ ရက် ၃ ရက်ကြာရင် ထပ်ဝေပေါ့ဗျာ။ အဲဒီတော့ အစာစိုရော ပဲဖတ်၊ နှမ်းဖတ်ရော ဆိုရင်တော့ ကျွဲနွားတွေအတွက် အဆင်ပြေသွားမယ်။ အဲဒီတော့ တောင်သူတွေပြောတာက ရေကျသွားတော့ သူတို့ ရွာတော့ပြန်မယ်။ ဒါပေမယ့် နုန်းတွေ၊ ရွှံ့တွေ ခံနေတော့ သူတို့နွားတွေ ခေါ်သွားဖို့က ခက်တာကိုး။ ခက်တော့ ရေနံချောင်းဘက်မှာတင် နွားတွေ၊ ကျွဲတွေက တလလောက် သောင်တင်နေမယ့်သဘော ရှိတယ်။ အဲတော့ အဲဒါလေးကို ကျနော်တို့ တတ်နိုင်သမျှတော့ ကူသွားဖို့ စီစဉ်ထားပါတယ်။” အခု ရာသီဥတုခန့်မှန်းတဲ့ ပညာရှင်တွေက စက်တင်ဘာလောက်ကျရင် နောက်တကြိမ် ရေက တကြော လာဖွယ်ရှိတယ်ဆိုတော့ [caption id="attachment_106524" align="alignleft" width="330"]ဓာတ်ပုံ - ၀င်းမျိုးသူဖေ့စ်ဘွတ်ခ် ဓာတ်ပုံ - ၀င်းမျိုးသူဖေ့စ်ဘွတ်ခ်[/caption] အဲဒီအနေအထားကို ဖြစ်လာရင် သူတို့ပြန်သွားကြရင် ပြန်လာကြရမယ့် အနေအထားပေါ့နော်။ “ကျနော်တို့အဓိက ထည့်စဉ်းစားတဲ့  အထဲမှာလည်း အဲဒါပါတယ်။ ကျနော်တို့ကလည်း အဓိက မိုးလေ၀သကို လေ့လာတဲ့ အခါကျတော့ အထူးသဖြင့် အညာမှာ မိုးပြတ်တဲ့ကာလဆိုတာ ရှိတာကိုး။ အခုက မရှိဘဲ တောက်လျှောက်ရွာတယ်။ နောက်တခုက အညာမှာ တကယ်မိုးများတာက သြဂုတ်လက အများဆုံးပဲလေ။ အခု သြဂုတ်လအစမှာတင် ဒီလောက်ဖြစ်သွားတယ်ဆိုတော့ သြဂုတ်လထဲမှာ မိုးများထပ်များရင် ကျနော်တို့ တွေးရဲစရာ မရှိတော့ဘူး။ အဲဒီတော့ တောင်သူတွေ ဘုံးဘုံးလဲသွားလို့ မဖြစ်ဘူးလေ။ အဲဒီတော့ တောင်သူဆိုတာ သူတို့နွားတွေကို အင်မတန်ခင်မင်တာကိုး။ စိတ်ပိုင်းဆိုင်ရာအရရော လုပ်ငန်းသဘောအရရောနော်၊ ဒါကြောင့်လည်း ကျနော်တို့က ကျိန်းသေပေါက်လာဦးမှာပဲ နောက်ရေတွေက။ အဲဒီတော့ တောင့်ခံထားနိုင်ဖို့ဆိုတာ သူတို့ရဲ့ လယ်ယာထုတ်ကုန် လုပ်ငန်းတွေလုပ်တဲ့ ဒီ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ သူတို့ရဲ့ အင်မတန်အရေးကြီးတဲ့ ကျွဲနွားသတ္တ၀ါတွေကို ထိန်းထားမှရမယ်ပေါ့။ ဒါကြောင့် ကျနော်တို့က နောက်လာမယ့်မုန်တိုင်း၊ ရေကြီးခဲ့ရင်ပေါ့ဗျာ အဲဒါအတွက်ပါ ကျနော်တို့က စဉ်းစားပြီးတော့ ကြိုတင်ပြင်ဆင်တာပါ။” ကျွဲနွား ၄၀၀၀ စာဆို တရက်မှာ ငွေကြေးဘယ်လောက်လောက် ခန့်မှန်းကုန်ကျသလဲ။ စိတ်ပါသူတွေ လှူချင်ရင် ဘယ်လိုလှူဒါန်းနိုင်မလဲ။ “ကျွဲ၊ နွား တကောင်ကို အစိတ်သားလောက် ပဲဖတ်၊ နှမ်းဖတ်က ကုန်တယ်။ တပိဿာကို လေးကောင်လောက် ကျွေးလို့ရတာပေါ့။ ၀ယ်တဲ့ဈေးတော့ ကျနော်မသိဘူးဗျာ။ လှူတဲ့အလှူရှင်တွေက သူတို့ဘာသာ သူတို့လှူကြ။ ကျွဲနွားကို ရောင်းတဲ့လူတွေကို ဆက်သွယ်ပြီးလှူကြ။ ကျနော်တို့ကတော့ အဲဒါကို လက်ခံယူပြီးတော့ ပို့ပေးတာပေါ့နော်။ သို့သော်လည်းပဲ မြက်ရိတ်တာကျတော့ ကျနော်တို့က ၇ ယောက်လောက်ရိတ်ရင် ကားတစီးစာလောက် ရတယ်ပေါ့ဗျာ။ တရုတ် ဖောကားတစီးစာရတယ်ပေါ့ဗျာ။ ၇ ယောက်ကတော့ တနေ့ ၅၀၀၀ ပေးလိုက်ရင် ကားတစီးဆို နွားအကောင် ၂၀၀ လောက် ရတာပေါ့။ အဲဒါမျိုး ကျနော်တို့က မျှပြီးတော့ ကျွေးလိုက်ရင်တော့ နွားတွေ မကျန်းမာတောင်မှ တောင့်ခံနိုင်တာပေါ့ဗျာ။ မဖျားဘူးပေါ့။ အဲလိုမှန်းပြီးတော့ လှူပေးနေတာပါ။ မြက်ရိတ်တာတွေ၊ သယ်ယူပို့ဆောင်တာကတော့ ကျနော်တို့ရဲ့ ရန်ပုံငွေနဲ့ ကျနော်တို့ ဆောင်ရွက်နေတာပါ။” ရေဘေးသင့်ကျွဲနွားတွေ အစာရေစာရရှိရေး ဆောင်ရွက်ချက်နဲ့ ပတ်သက်လို့ ဆရာ့မှတ်ချက်စကား ပြောပေးပါ။ “အဓိကကတော့ဗျာ။ ကျနော်ထင်တယ်။ လူတွေလည်းလိုပါတယ်၊ ကျွဲနွားတွေလည်း လိုပါတယ်။ ကျွဲနွားတွေဆိုတာလည်း တကယ် စီးပွားရေးနာလန်ပြန်ထဖို့ အရေးပါဆုံး တောင်သူတွေရဲ့ အစိတ်အပိုင်းတခုဖြစ်တော့ ၀ိုင်းကူညီပေးကြပါပေါ့နော်။ နောက်တခုကလည်း ကျနော်တို့ အခုတွေ့တဲ့ မုန်တိုင်းက စလုံးရေစပဲ  ရှိသေးတာလေ။ ဒီသဘာဝဘေးအန္တရာယ် ကျတဲ့ဟာကလေ။ ဆိုတော့ ကျနော်တို့တွေ တကယ့်ကို တောင့်ခံနိုင်ဖို့ အားတွေမွေးဖို့လိုတယ်။ လက်ချင်းဆက်ပြီး ကူညီဖို့လိုပါတယ်။ အဲဒါလေးကို ကျနော် ပန်ကြားလိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024