မြန်မာဘောလုံးအဆင့် ဖီဖာသတ်မှတ်ချက် အတက်အကျမရှိ

မြန်မာနိုင်ငံရဲ့ ဘောလုံးအဆင့်အတန်းဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ သြဂုတ်လ ၆ ရက် ထုတ်ပြန်တဲ့ နိုင်ငံအလိုက် ဘောလုံးအဆင့် သတ်မှတ်ချက်မှာ အပြောင်းအလဲ အတက်အကျမရှိဘဲ  ၁၆၂ နေရာမှာ ဆက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လသတ်မှတ်ချက်မှာ မြန်မာဟာ ကမ္ဘာ့အဆင့် ၁၄၃ နေရာမှာ ရပ်တည်ခဲ့တာဖြစ်ပြီး ဇူလိုင်လကတည်းက  ၁၆၂ နေရာကို ဆက်တိုက် ကျဆင်းသွားတာပါ။ သြဂုတ် ၆ ရက် ဖီဖာနောက်ဆုံး ထုတ်ပြန်တဲ့ သတ်မှတ်ချက်အရ အရှေ့တောင်အာရှ အသင်းတွေထဲမှာ ဖိလစ်ပိုင်အသင်းက ၁ ဆင့်ကျသွားပြီး အဆင့် ၁၂၅ နဲ့ ထိပ်ဆုံးမှာရှိနေပြီး ထိုင်းက ၁ ဆင့်တက်ကာ အဆင့် ၁၃၉ ဒုတိယနေရာ၊ ဗီယက်နမ်က ၁၀ နေရာကျသွားပြီး အဆင့် ၁၅၃ နဲ့ တတိယ နေရာမှာရှိနေပါတယ်။ စင်ကာပူကတော့ ၅ နေရာကျသွားပြီး အဆင့် ၁၅၅၊  အင်ဒိုနီးရှားက ၁ နေရာ ကျသွားပြီး အဆင့် ၁၆၅၊ မလေးရှားက အပြောင်းအလဲမရှိ အဆင့် ၁၆၈၊  လာအိုကလည်း အတက်အကျမရှိ အဆင့် ၁၇၇၊ ကမ္ဘောဒီးယားက ၁ နေရာတက်ပြီး အဆင့် ၁၈၀ မှာ အသီးသီး ရပ်တည်နေပါတယ်။ ကမ္ဘာ့ဘောလုံး အဆင့် ၁ နေရာကိုတော့ အာဂျင်တီနားအသင်းက ဆက်လက် ရယူထားပြီး ဘယ်လ်ဂျီယံကအဆင့် ၃ ကနေ အဆင့်၂ နေရာ ရောက်လာပါတယ်။ ဂျာမနီက အရင် နံပါတ် ၂ နေရာကနေ အဆင့် ၃ နေရာကို ကျသွားပါတယ်။ ကိုလံဘီယာက အဆင့် ၄၊ ဘရာဇီးက အဆင့် ၅၊ ပေါ်တူဂီက အဆင့် ၆ နဲ့ အင်္ဂလန်က အဆင့် ၈ နေရာမှာ အသီးသီးရပ်တည်နေပါတယ်။

More News
Up