ကန်ဒေါ်လာ ၄ သိန်းတန်ဖိုးရှိ ပစ္စည်းအတုများ ဟောင်ကောင်တွင် ဖမ်းမိ (ရုပ်သံ)

ဟောင်ကောင် အကောက်ခွန်ဌာနက ဆယ်စုနှစ်အတွင်း အကြီးဆုံးရလဒ်အဖြစ် အမေရိကန်ဒေါ်လာ ၄ သိန်း တန်ဖိုးရှိတဲ့ ပစ္စည်းအတုပေါင်း ၃ သောင်းကို ဖမ်းဆီးရမိလိုက်ပါတယ်။ ဉာဏပစ္စည်းမူပိုင်ခွင့် စုံစမ်းစစ်ဆေးရေး ဗျူရိုရဲ့ ဦးစီးမှူးက ဒီပစ္စည်းတွေဟာ အဖွဲ့ဝင်တွေကိုသာရောင်းတဲ့ ကွန်ရက်ရဲ့ အစိတ်အပိုင်းဖြစ်ပြီး မူရင်းပစ္စည်းတွေရဲ့ ဈေးနှုန်းအောက် ဆယ်ပုံတပုံနဲ့ ရောင်းတာလို့ ပြောပါတယ်။ သတင်းစာ ရှင်းလင်းပွဲအတွင်း အကောက်ခွန်ဌာနနဲ့ ဟောင်ကောင်ရဲတွေက အရောင်းပြခန်း ပုံစံတူကို ခင်းကျင်းခဲ့ပြီး ဖမ်းမိတဲ့ ပစ္စည်းတုတွေကို ခင်းကျင်းပြသခဲ့ပါတယ်။ ပစ္စည်းတုတွေထဲမှာ နိုက်ကီ၊ ချန်နယ်၊ လာကို့စ် ကုန်အမှတ်တံဆိပ် ပစ္စည်းအတုတွေ အပါအဝင် ရေမွှေး၊ လက်ပတ်နာရီနဲ့ နေကာမျက်မှန်တွေ ပါပါတယ်။ ဒီပစ္စည်းအတုတွေကို တဘက်နယ်စပ် စက်မှုလုပ်ငန်း အချက်အခြာ ကွမ်တုံပြည်နယ်က ထုတ်လုပ်ပြီး ဒေသခံ ဟောင်ကောင်ဈေးကွက်ကို ရည်မှန်းတာ ဖြစ်ကောင်းဖြစ်မယ်လို့ သူက ပြောပါတယ်။ တရုတ်ပြည်မကြီးက အတုထုတ်လုပ်မှုကို နှိမ်နင်းဖို့ ဘာတွေ လုပ်ပြီးပြီလဲလို့ မေးရာမှာတော့ သူက တရုတ်အာဏာပိုင်တွေကို ဥပဒေ အာဏာတည်အောင်လုပ်ဖို့ မှတ်ချက်ပေးနိုင်တဲ့ အဆင့်မှာ မရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ပြည်မကြီးက အာဏာပိုင်တွေကိုတော့ အတုမှောင်ခိုကူးမှုကို နှိမ်နင်းဖို့ နီးနီးကပ်ကပ် ထိတွေ့မှု လုပ်နေတယ်လို့ သေသေချာချာ ပြောနိုင်ကြောင်း သူက ပြောပါတယ်။ ဇူလိုင်လက စီးနင်းမှုအတွင်း ဖိလစ်ပိုင်တယောက်နဲ့ ပါကစ္စတန် ၂ ယောက် အပါအဝင် လူ ၃ ယောက်ကို ဖမ်းမိပြီး အာမခံပေးထားတယ်လို့ အကောက်ခွန်ဌာနက ပြောပါတယ်။ အတုပြုလုပ်မှုဟာ ပြင်းထန်တဲ့အမှုဖြစ်ပြီး ဟောင်ကောင်မှာ ပစ္စည်းအတုတွေကို ရောင်းချရင် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၆ သောင်းခွဲနဲ့ ထောင်ဒဏ် ၅  နှစ် ပြစ်ဒဏ် ရင်ဆိုင်ရနိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up