ရခိုင်တွင် ရေဘေးကြောင့် သေဆုံးသူ ၅၅ ဦးရှိပြီ

2.3K
ရခိုင်ပြည်နယ်ရေဘေးအတွင်း သေဆုံးသူ ၅၅ ယောက်ရှိသွားပြီလို့ အစိုးရက တရားဝင်သတင်း ထုတ်ပြန်လိုက်ပြီး ဒေသခံအဖွဲ့အစည်းတွေကတော့ လူသေဆုံးမှု ဒီ့ထက်များတယ်လို့ ပြောပါတယ်။
ဇူလိုင် ၂၄ မှ သြဂုတ် ၄ ရက် ရခိုင်ရေဘေးအတွင်း လူ ၅၅ ယောက်သေဆုံးခဲ့ပြီး လူဦးရေ ၈၅၀၀၀ ကျော် ရေဘေးဒုက္ခ ခံစားနေရတယ်လို့ အစိုးရသတင်းက ဆိုပါတယ်။
ပြည်နယ်အတွင်း လယ်ဧက ၂၁၀၀၀၀ ကျော် ပျက်စီးခဲ့ပြီး အိမ် ၁၀၀၀၀ ကျော် ပြိုကျပျက်စီးခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သေဆုံးသူဦးရေ တိုးလာနိုင်ပြီး ပြည်နယ်အတွင်း ကူညီထောက်ပံ့မှု ထိထိရောက်ရောက် မရှိဘူးလို့ ပြောပါတယ်။
“အစိုးရဘက်က ထုတ်ပြန်ချက်ရယ်၊ ကျနော်တို့ဘက်က မြို့နယ်တွေရဲ့ ပြောဆိုနေချက်ကတော့ အဲ့ဒီထက် ပိုနိုင်တယ်ပဲပြောပြီးတော့ တိတိကျကျကစာရင်းကိုတော့ ခုချိန်ထိ မရသေးပါဘူး။ အခု ကယ်ဆယ်ရေး ဆင်းနေကြပါတယ်။ ဒါပေမယ့် မလောက်ငပါဘူး။ ရခိုင်ရေဘေးသင့်ရွာပေါင်း ၂၀၀ ကျော်မှာ ၆၀ လောက်ပဲ ရကြသေးတယ်လို့ ကြားပါတယ်။”
ရေပြန်ကျသွားပြီး လယ်တွေ သဲဖုံးလွှမ်းကျန်ရစ်တာကြောင့် လယ်တွေ ပြန်စိုက်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူးလို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်မြေက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့ မြို့နယ် ၇ ခုဟာ ရေကြီးမှုဒဏ် အဆိုးဆုံး ခံစားခဲ့ကြရပြီး လူအသေအပျောက် များခဲ့ပါတယ်။
ပြည်နယ်တိုင်း ၁၂ ခုမှာ ဇူလိုင်နဲ့ သြဂုတ်လဆန်းပိုင်း မိုးကြီးရေကြီးမှုအတွင်း သေဆုံးသူ ရခိုင်ပြည်နယ်က ၅၅ ဦး အပါအ၀င် စုစုပေါင်း ၈၈ ယောက်ရှိတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားပါတယ်။