မက္ကဆီကို မူးယစ်ရာဇာ ဂတ်ဇ်မန် ဖမ်းဆီးနိုင်ရေး အမေရိကန် ဆုငွေထုတ်

ဓာတ်ပုံ - ရိုက်တာ
ပြီးခဲ့တဲ့လက မက္ကဆီကို လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်တခုကနေ လွတ်မြောက်သွားတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးနိုင်ရေး သြဂုတ် ၆ ရက်နေ့မှာ အမေရိကန်အစိုးရက ဒေါ်လာ ၅ သန်း ဆုငွေထုတ်လိုက်ပါတယ်။ မူးယစ်ဂိုဏ်ခေါင်းဆောင် ဂတ်ဇ်မန် (Guzman) ဟာ အမေရိကန်နိုင်ငံထဲကို မူးယစ်ဆေးဝါးနဲ့ ကိုကင်း အမြောက်အမြား ခိုးသွင်းထားတဲ့ ကမ္ဘာ့အလိုအရှိဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင်တဦး ဖြစ်ပါတယ်။ အမေရိကန်အစိုးရ မူးယစ်ဆေးဝါး ထိန်းချုပ်တားဆီးရေး အရာရှိချုပ်က ဂတဇ်မန်ဟာ မက္ကဆီကိုနိုင်ငံထဲမှာပဲ ပုန်းအောင်းနေတယ်လို့ ယုံကြည်ကြောင်း ပြောဆိုပါတယ်။ မက္ကဆီကို အစိုးရကလည်း သူထွက်ပြေးလွတ်မြောက်ပြီး သိပ်မကြာခင်မှာပဲ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း ဆုငွေထုတ်ထားပြီး သူ့ကိုဖမ်းဆီးနိုင်ရေး အမေရိကန်အစိုးရနဲ့ အနီးဆုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ဂတ်ဇ်မန်ဟာ မက္ကဆီကိုမြို့တော် အနောက်ဘက်က လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်ကနေ အရှည် ၁ မိုင်ရှိတဲ့ လိုဏ်ခေါင်းကတဆင့် ထွက်ပြေးလွတ်မြောက်သွားတာပါ။ ဒါဟာ မက္ကဆီကိုနိုင်ငံမှာ လုံခြုံရေးအဆင့်အမြင့်ဆုံးဆိုတဲ့ ထောင်ကနေ ၂ ကြိမ်မြောက် ထွက်ပြေးလွတ်မြောက်တာဖြစ်ပြီး ၂၀၀၁ ခုနှစ်ကလည်း ၁ ကြိမ် ထွက်ပြေးလွတ်မြောက်ဖူးပါတယ်။ အဲ့ဒီနောက် ၁၃ နှစ်ကြာ လွတ်မြောက်နေခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ပြန်ပြီး ဖမ်းဆီးမိခဲ့တာပါ။ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံရှိတယ်လို့ ခန့်မှန်းကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up