အနှစ် ၅၀ ပြည့် စင်ကာပူ လွတ်လပ်ရေးနေ့ မှတ်တမ်းရုပ်သံ

သြဂုတ် ၉ ရက်နေ့ဟာ စင်ကာပူနိုင်ငံ မလေးရှားကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ယူခဲ့တဲ့ အနှစ် ၅၀ ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
နိုင်ငံသစ်ရဲ့ဝန်ကြီးချုပ် လီကွမ်ယုဟာ သယံဇာတမရှိ၊ မြေကောင်းမရှိတဲ့ နယ်မြေကို ရွှေ့ပြောင်းနေထိုင်သူ လူစုရဲ့အားနဲ့ ခေါင်းဆောင်မှုပေးပြီး မျိုးဆက်တဆက်အတွင်း ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ စာရင်းဝင်အောင် ဖန်တီးဖို့ သူ့အစိုးရကို ဖွဲ့စည်းခဲ့ပါတယ်။
နိုင်ငံတွင်း တရုတ်လူများစုရှိပြီး မလေးနဲ့ အိန္ဒိယ လူနည်းစုတွေကြား ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ရုံးသုံးဘာသာစကားအဖြစ် အင်္ဂလိပ်စကားကို သတ်မှတ်ခဲ့ပါတယ်။
သန့်ရှင်းစိမ်းလန်းတဲ့ စင်ကာပူနိုင်ငံကို အာရှရဲ့ နေချင်စရာ အကောင်းဆုံးနဲ့ အဂတိလိုက်စားမှု ကင်းရှင်းတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ရေးဟာ နိုင်ငံစတည်ထောင်ချိန်တည်းက ဦးတည်ချက်ပါ။
ကိန်းဘရစ်ခ်ျ တက္ကသိုလ်က ဘွဲ့ရတဲ့ ဥပဒေပညာရှင်နဲ့ အာရှရဲ့ ကိုလိုနီခေတ်နှောင်းပိုင်းက မြင့်မားထည်ဝါတဲ့ ပုံရိပ်ဖြစ်တဲ့ လီကွမ်ယုဟာ အရွယ်ရောက်သူ စင်ကာပူနိုင်ငံသားတိုင်းကို မဲထည့်ခွင့် ပေးခဲ့ပေမယ့် အတိုက်အခံတွေရဲ့ အမြင်တွေအပေါ်မှာတော့ သည်းခံမှု နည်းပါးခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာရဲ့ ပရိသတ်ဟောင်းဖြစ်တဲ့ လီကွမ်ယုရဲ့ လက်အောက်မှာ နိုင်ငံရေး အတိုက်အခံတွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေကို နိုင်ငံတွင်းမှာ စီးပွားရေးနဲ့ တန်းတူ ခွင့်မပြုခဲ့တာ နိုင်ငံတည်ထောင်စကနေ ခုချိန်ထိပါ။
စင်ကာပူဟာ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် ညွှန်းကိန်းအတွင်း နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၅၃ မှာ ရှိနေပါတယ်။
လူသတ်မှုနဲ့ မူးယစ်ကုန်ကူးမှုအတွက် သေဒဏ်သတ်မှတ်ထားပြီး အမှုအတော်များများမှာလည်း ကြိမ်ဒဏ်ကို ပေးလေ့ရှိပါတယ်။
စင်ကာပူနိုင်ငံကို တည်ထောင်သူ လီကွမ်ယုဟာ နိုင်ငံလွတ်လပ်ရေး နှစ် ၅၀ မပြည့်မီ ၅ လအလိုမှာ ကွယ်လွန်ခဲ့လို့ ပြည်သူ ၅ ဒသမ ၄သန်းကြား ဝမ်းနည်းပူဆွေးခဲ့ကြပါတယ်။
ခေတ်သစ်ကို တည်ထောင်သူ လီကွမ်ယု မပါဘဲ ဖြတ်သန်းရတော့မယ့် စင်ကာပူနိုင်ငံဟာ လီကွမ်ယု ပူးတွဲတည်ထောင်ခဲ့တဲ့ ပီအေပီပါတီနဲ့ လီကွမ်ယုရဲ့သား ဝန်ကြီးချုပ် လီရှင်လွန်တို့ လက်ထဲမှာ ရှိနေပြီး နောက်ဘာဖြစ်လာမလဲဆိုတဲ့ မေးခွန်းကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။