မြန်မာပြည် ရေကြီးတော့ (၂)
ရွှေအောင်
·
August 7, 2015
နိုင်ငံထဲ ရေကြီးတော့ အစိုးရပြောခွင့်ရသူက ဒီဖြစ်စဉ်ကနေ သင်ခန်းစာရတယ်လို့ ပြောသွားတာ ကြားလိုက်ရပြီး သင်ခန်းစာ ယူမကုန်တဲ့ အစိုးရပဲလို့ မှတ်တမ်းတင်ထားလိုက်ပါတယ်။ သူပြောသွားတဲ့ထဲ ရလိုက်တဲ့ သင်ခန်းစာတွေကတော့ အစိုးရက သူတို့ဘာလုပ်လုပ် လူထုကို မပြော၊ လုပ်ချင်ရာ လုပ်ကြတယ်၊ လူထုကလည်း အဲဒီလို မပြောမဆိုနဲ့ လုပ်ချင်ရာလုပ်တဲ့ အစိုးရကို အလေးမထား၊ အားလည်း မကိုးတော့ဘူး၊ ယုံကြည်မှုလည်း မရှိတော့ဘူး၊ ကောင်းကြရောပေါ့။ သမ္မတက ကလေးသွားပြီး လိုတာ အကုန်လုပ်ပေးမယ်၊ ဖြည့်ဆည်းပေးမယ်၊ ကတိပြု ပြောတာတောင် လူထုက မယုံကြည်တော့ဘူးတဲ့။ သမ္မတက လုပ်ပေးချင် လုပ်ပေးမယ်၊ အောက်က လူတွေက လုပ်ပေးမှာ မဟုတ်ဘူးလို့ အစိုးရကို မယုံကြည်တဲ့စကား ကလေးလူထု ၂ ယောက်မကက ထုတ်ပြောသွားတယ်၊ အရင်အတိုင်း ဖော်ပြပေးတဲ့ ပြန်ကြားရေးဌာနကိုလည်း ကျေးဇူးတင်တယ်။ ကလေး လူထုတချို့က ပြန်ကြားရေးကို မယုံဘူးလို့ ပြောသွားတာလည်း ကြားရတယ်။ အဲဒါ အစိုးရပြောနေ လုပ်နေတာတွေကို မယုံဘူးလို့ ပြောသွားတာနဲ့ အတူတူပဲ ဖြစ်တယ်။ ဒီတော့ မြန်မာလူထုက ဘာလုပ်လဲ။ ကိုယ်ချင်းကိုယ်ချင်းဝိုင်းမှ ရတော့မယ်ဆိုတာ ချက်ချင်းသိပြီး တူရာစုလို့ ရေဘေးကူဖို့ စိုင်းပြင်း လုပ်ဆောင်ကြပါတော့တယ်။
ရန်ကုန်မြို့က ရေဘေးကယ်ဆယ်ရေးလုပ်ဖို့ အလှူငွေကောက်ယူနေပုံ မြင်ကွင်းတခုကို ဖေ့စ်ဘွတ်ခ် မိတ်ဆွေတယောက်က ခုလို ရေးတင်တယ်။ "မနက်က ဓမ္မစေတီ-ဦးဝိစာရလမ်း မီးပွိုင့်တကြော ယောက်ျားလေး၊ မိန်းကလေး လူငယ်လေးတွေ ရေဘေးအတွက် အလှူခံနေကြတာ.. ချစ်စရာ တော်တော် ကောင်းတယ်။ တီရှပ်အဝါလေးတွေ ဘောင်းဘီမည်းလေးတွေနဲ့ဆိုတော့ အန်ဂျီအိုတခုခုကပဲ..- မြန်မာလူမျိုးတွေ ချစ်စရာကောင်းတယ်။ ထည့်လိုက်ကြတဲ့ အလှူငွေတွေ.. ကိုယ်ပိုင်ကားတွေက မှန်ဖွင့်လိုက်ရင် ၅၀၀၀ တန် ၁၀၀၀၀ တန်တွေ ပလူပျံသွားသလို တက္ကစီနဲ့ ဘက်စ်ကားသမားတွေ၊ ခရီးသည်တွေလည်း ၅၀၀ တန်က နေ ၁၀၀၀ တန်တွေ ပလူပျံပဲ။ ဝေးနေလို့ လာအလှူမခံရင် လက်ယပ်တွေ ခေါ်လို့။ မြန်မာလူမျိုးတွေမှာပဲ ဒီလို ချစ်စရာ ကောင်းတဲ့ စရိုက်တွေ့ဖူးတယ်"။ သူ ဒီလိုရေးတင်ပြီး မရှေးမနှောင်းမှာပဲ ရန်ကုန်က လူစည်ကားတဲ့ နေရာတွေမှာ ရေဘေးအတွက် အလှူခံထွက်နေတဲ့ လူငယ်တွေ အုပ်လိုက်အုပ်လိုက် အလှူခံနေကြပုံ ဓာတ်ပုံတွေ တန်းစီပြီး တက်လာတယ်။ မြင်ရကြားရတာနဲ့ ကြက်သီးတဖြန်းဖြန်း ထလာတဲ့ထိ ပီတိ ဖြစ်ရတယ်။ ရန်ကုန်နဲ့ မန္တလေးမှာ ပန်းချီနဲ့ ကာတွန်းဆရာတွေကလည်း သူတို့ တတ်တဲ့ပညာနဲ့ ရန်ပုံငွေရှာပြီး ရေဘေးကူဖို့ လုပ်ကြတယ်။ နောက်ပိုင်း အလှူခံထွက်တဲ့ အုပ်စုတွေထဲ ၈၈ အုပ်စုနဲ့ အနုပညာရှင်တချို့ပါ ပါဝင်လာကြတယ်။
တကယ်တမ်းကျ နိုင်ငံထဲ အရေးအကြောင်းပေါ်ရင် အနုပညာရှင်တွေ ရှေ့တန်းထွက် ပါဝင်ဖို့ ကြိုးပမ်းကြတာ ထိုင်းမှာလည်း အတူတူပဲ။ အထူးသဖြင့် ရေဘေးကြုံရင် ထိုင်းက ကုမ္ပဏီကြီးတွေ အလှူထွက်ရင် ထိုင်းအနုပညာရှင်တွေ တပါတည်း ထွက်လာလေ့ရှိပြီး ဒီိလို အတူပါဝင်ခွင့်ရအောင် ကုမ္ပဏီကြီးတွေက အန်ဂျီအိုတွေနဲ့ ကြိုတင် ချိတ်ဆက်ထားရတယ်။ ဒါမှ အရေးဆို သူတို့ ပါဝင်ခွင့်ရပြီး ပရိသတ်မေတ္တာပါ ရလေ့ရှိလို့ သူတို့ဟာ အန်ဂျီအိုတွေ၊ ကုမ္ပဏီတွေကို ချိတ်ထား ပေါင်းထားရတယ်။ သတင်းထုတ်လွှင့်တဲ့ တီဗွီဌာနတွေကလည်း ရေကြီးတဲ့လူထုနဲ့ သူတို့နဲ့ တတန်းထဲ ရပ်တည် တည်ရှိနေတယ်ဆိုတာ ဖော်ထုတ်ပြသလို ရေကြီးနေတဲ့ နေရာကနေ သတင်းဖတ်ကြား ထုတ်လွှင့်တာမျိုး အပြိုင်အဆိုင်လုပ်ကြတယ်။ (မြန်မာပြည်ရေကြီးတော့ ဒီဗွီဘီသတင်းထောက်တယောက်က ပဲခူးရေနစ်မြုပ်နေတဲ့ နေရာက တိုက်ရိုက် သတင်းပို့တယ်။ မြန်မာအချင်းချင်းက အင်ကြီးပါကွာဆိုပြီး ပျက်ရယ်ပြုတယ်။ နိုင်ငံတကာသတင်းဌာနကြီးတွေက ချီးကျူးပြီး ကောင်းချီးသြဘာ ပေးတယ်။ အဲ့ဒါတွေ ကွာသေးတယ်)။ ရေဘေးသတင်း တင်ဆက်ရင်း ထိုင်းဝန်ကြီးချုပ်တို့ဘာတို့ ရေဘေး ကယ်ဆယ်ရေး ကွင်းဆင်း ထောက်ပံ့ ကူညီပေးပုံတွေလည်း ပြတယ်။ ၀န်ကြီးချုပ်လုပ်တဲ့ သူကိုယ်တိုင် ရေထဲဆင်းပြီး ကယ်ဆယ်ရေးပစ္စည်းတွေ လိုက်ပေးနေပုံ၊ အားပေးစကား ပြောကြားနေပုံ၊ လိုက်နှုတ်ဆက်နေပုံတွေ ပြတယ်။ တဆက်တည်း ရေထဲဆင်းတော့ ၀န်ကြီးချုပ်စီးထားတဲ့ လည်ရှည်ဖိနပ်က ဘတ် သောင်းနဲ့ချီ တန်တာလည်း ထည့်ရေးတယ်။
မြန်မာပြည်ကျ သမ္မတက ရေထဲမဆင်းတော့ တီဗွီမှာ ပြစရာ မရှိဘူး။ ဆောက်လုပ်ရေးဦးထုပ် ဆောင်းထားတော့ ပျက်သွားတဲ့အိမ်တွေနဲ့ လမ်းတံတားတွေ ပြန်ပြင်ပေးဖို့တော့ မျှော်လင့်မိတာပဲ။ ဒီလောက် ရေဘေးကြုံ ရေကြီးနေချိန်ကြီး ကူညီထောက်ပံ့ပွဲဆိုတာ တကူးတက လုပ်ပြီး ပစ္စည်းတွေပေးနေတာလည်း ဖော်မြူလာမပျက် တွေ့ရတာ စိတ်ပျက်မိတယ်။ လူတွေက ရေကြီးဒုက္ခရောက်နေရတဲ့ကြားထဲ ဒီပွဲ တက်ဖို့ လာရသေးတယ်။ လာတဲ့လူကြီး ကျွေးဖို့ ပန်သီးခွာပေးရသေးတယ်တဲ့၊ ကိုယ့်အိမ်ဘယ်ပျောက်နေမှန်း မသိပေမယ့် ကျောင်းအုပ်က ခိုင်းတော့ ကြောက်ပြီး ခွာပေးရတယ်တဲ့။ ကလေးက ကြားတာပါ။ တခါ သမ္မတသွားတဲ့ကလေးမှာ သမ္မတကို ဖုန်းတွေနဲ့ ဓာတ်ပုံ ၀ိုင်းရိုက်နေကြပုံဆိုပြီး သမ္မတနားနေတဲ့သူက ဆက်သွယ်ရေး ဘယ်လောက် ကောင်းတယ် ပေါ့လေ။ လော်တယ်၊ လှော်တယ်၊ ဒီလောက် ဆက်သွယ်ရေးကောင်းနေတာတောင် ကလေးနားရှိတဲ့ ရာဇဂြိုဟ်ဆည် ရေဖောက်ထုတ်တာ ကလေးလူထုသိအောင် လုပ်မပေးနိုင်တဲ့ အစိုးရ ဘာကောင်းလဲလို့ တယောက်က ၀င်မှတ်ချက်ပေးတယ်၊ သူပြောစရာဖြစ်အောင်ပဲ ကလေးက လူတွေဟာ ရေ ရုတ်တရက် တက်လာလို့ အ၀တ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးလာရသူချည်း ဖြစ်တယ်။
အခုတော့ တနိုင်ငံလုံးအနှံ့ မကြုံစဖူး ရေကြီးနေတယ်။ မုတ်သုံလေ အားကောင်းတာရယ်၊ ဆိုင်ကလုန်းမုန်တိုင်း အဖျားခတ်တာနဲ့ ပင်လယ်ဒီရေတက်တာရယ် ပေါင်းဆုံပြီး ရခိုင်ပြည်နယ် ၇ မြို့နယ်မှာ ရေကြီးပြီး လူအသေအပျောက်များတယ်၊ ချင်းမှာ ရေကြီးမြေပြိုပြီး လမ်းတွေ ပြတ်တောက် ပျက်စီးကုန်တယ်။ အိမ်တွေ ပြိုကျကုန်တယ်။ ပြည်နယ်ထဲ သွားလာရေးခက်လို့ အစိုးရက ရဟတ်ယာဉ်နဲ့မှ မကယ်ရင် ငတ်ကုန်ကြတော့မယ်လို့ ချင်းပါတီအဖွဲ့အစည်းတွေ စုပြီး သမ္မတဆီ စာရေးသား တောင်းဆိုတယ်။ (ရေခဲတောင်ပြိုကျ ပိတ်မိတော့ ရဟတ်ယာဉ်တွေ ချက်ချင်းထွက်သွားတာ ထောက်ပြကြပြန်တယ်) အခုလည်း စစ်တပ်က ရဟတ်ယာဉ်တွေ ထွက်လာပြီး ကယ်ဆယ်ရေးပစ္စည်းတွေ လိုက်ချပေးနေတာ တွေ့ရတယ်။ ရေဘေးကယ်တဲ့ စစ်သားတွေ အသက်ကယ်ဝတ်စုံ မပါတာနဲ့ ကိရိယာတန်ဆာပလာ မစုံမလင်နဲ့ ကယ်ဆယ်ကူ ညီနေကြတာ တွေ့တော့ ကယ်ဆယ်ရင်း တခုခု ထပ်ဖြစ်မှာ တွေးပူမိတယ်။ လူသိန်းနဲ့ချီသေတဲ့ နာဂစ်ဘေးတောင် ကျော်ဖြတ်နိုင်ခဲ့တဲ့ မြန်မာလူထုက အချိန်တန် သူ့ဘာသာ ကုန်းရုန်းထမှာပဲ။ လူထုရင်ထဲ အစိုးရအပေါ် အယုံအကြည်မရှိတာလည်း အရင်လိုပဲ ကျန်နေဦးမှာပဲ။
ကိုရွှေအောင်