အန်စီအေက ကျနော်တို့အတွက် အသက်နဲ့တမျှ အရေးကြီးပါတယ်- ခူးဦးရယ်

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အတွက် ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ ကေအန်ယူ ဒုတိယဥက္ကဋ္ဌ ပဒိုမူစီဖိုးရာစိန် ဦးဆောင်တဲ့ အဆင့်မြင့်တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့ (အက်စ်ဒီ) တို့ ရန်ကုန်မြို့မှာ သြဂုတ်လဆန်းမှာ ဆွေးနွေးကြဖို့ရှိပါတယ်။ အက်စ်ဒီ အဖွဲ့ထဲမှာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ  ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ခေါ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တပ်ပေါင်းစုက ကိုယ်စားလှယ်တွေအများစု ပါဝင်နေတာပါ။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ခူးဦးရယ်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ယူအန်အက်ဖ်စီရဲ့ အခန်းကဏ္ဍကို ရှင်းပြပါ။ “ကျနော်တို့ ယူအန်အက်ဖ်စီရဲ့ ရပ်တည်ချက်ကတော့ ကျနော်တို့မှာရှိတဲ့ အဖွဲ့ဝင်နဲ့ ဆက်စပ်အဖွဲ့အစည်းတွေမှာ တူညီတဲ့ ဘုံသဘောထား ရပ်တည်ချက်တွေ ရှိပါတယ်။ အဲဒါကတော့ ဖြစ်နိုင်လို့ရှိရင် တနိုင်ငံလုံးလို့ အဓိပ္ပာယ်ဖွင့်ဆိုထားတာကတော့ တနိုင်ငံလုံးမှာရှိတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးကိုပေါ့နော်၊ အဲဒါကြောင့်မို့လို့ ရှင်းရှင်းပြောရရင် ကျနော်တို့ ယူအန်အက်ဖ်စီမှာကတော့ အဖွဲ့ဝင်က ၁၂ ဖွဲ့၊ ဆက်စပ်က ၄ ဖွဲ့၊ ပေါင်းရင်တော့ ၁၆ ဖွဲ့ပေါ့။ ဒါပေမယ့် တကယ်တမ်း လက်တွေ့မှာ ကျနော်တို့ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့အဖွဲ့တွေက အဲသလောက်မက ရှိတာပေါ့လေ။ ဆိုတော့ ကျနော်တို့မြင်ချင်တာကတော့ ယူအန်အက်ဖ်စီအဖွဲ့ဝင်၊ ဆက်စပ်အဖွဲ့အစည်း အပါအ၀င် ကျန်တဲ့ အဖွဲ့ဝင်မဟုတ်တဲ့ တခြားသော လက်နက်ကိုင်အဖွဲ့အစည်း၊ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးပေါ့နော် ကျနော်တို့အားလုံး အတူတကွ ပါဝင်လက်မှတ်ရေးထိုးနိုင်ရင် အကောင်းဆုံးပဲ။ ဒါကတော့ ကျနော်တို့ရဲ့ ပထမဦးစားပေး ရပ်တည်ချက်ပါပဲ။ အဲဒီတော့ ကျနော်တို့အနေနဲ့ အားလုံးမပါဝင်၊ အဲသလို မပါဝင်နိုင်ဘူးဆိုရင်တောင်မှ ကျနော်တို့အနေနဲ့ အနည်းဆုံးပေါ့နော် အန်စီစီတီမှာပါတဲ့ ၁၂ ဖွဲ့၊ ဆက်စပ် ၄ ဖွဲ့ ပေါင်း ၁၆ ဖွဲ့ဆိုတာကလည်း အဲဒီထဲကပါပဲ။ အနည်းဆုံးကတော့ အောက်ထစ်ပေါ့ အဲဒီ ၁၆ ဖွဲ့ကတော့ ပါဖို့ ကျနော်တို့ဘက်က အဲဒီလို သဘောထားရှိပါတယ်။ အဲဒီချဉ်းကပ်မှုနဲ့ ကျနော်တို့ အစိုးရကို တင်ပြဆွေးနွေးနေတာဖြစ်ပါတယ်။” ယူအန်အက်ဖ်စီအဖွဲ့ဝင်တွေပါတဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရအကြား ဆွေးနွေးပွဲတွေကို ကြည့်ပြီး တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးရေးပွဲဟာ နီးနေပြီလို့ ပြည်သူလူထုက မျှော်လင့်နေကြတယ်။ အဓိကအားဖြင့် ဘယ်နေရာတွေမှာ ညှိဖို့ ခက်နေတာလဲခင်ဗျ။ “နီးနေပြီဆိုတာကတော့ အဲသလိုမြင်လို့လည်း ရပါတယ်။ ကျနော်တို့ဘက်ကလည်း အဲသလို ခံစားနေတဲ့သဘောလည်း ရှိပါတယ်။ ရှင်းရှင်းပြောရရင် အားလုံးနီးနီးလောက်ကို ကျနော်တို့ သဘောတူညီမှု တစုံတရာ အဆင့်တခုကို ရောက်နေပြီလို့ ပြောလို့ရပါတယ်။ အထူးသဖြင့်ကတော့ လောလောဆယ်မှာ နည်းနည်းဆက်ပြီးညှိဖို့ ကျန်နေသေးတဲ့ အချက်တွေက လုံခြုံရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေပေါ့နော်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတဲ့နောက်မှာ တနိုင်ငံလုံးနဲ့ လွှမ်းခြုံတဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ် ပြဿ နာတွေကို ဘယ်လိုအဖြေရှာကြမလဲ ဆိုတဲ့ကိစ္စမှာ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးတဲ့ အခါမျိုးတွေမှာ နည်းနည်း မတူကွဲပြားတဲ့ အမြင်မျိုးတွေရှိပါတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီး ကျနော်တို့ နည်းနည်းလေး ဆက်ညှိဖို့ရှိပါတယ်။ နောက်တခါ ကျနော်တို့ ခုနပြောတဲ့ အားလုံးပါဝင်ရေးဆိုတဲ့ မူနဲ့ပတ်သက်ပြီး ဆက်ညှိရတဲ့ သဘောတွေလည်းရှိပါတယ်။ နောက်တခါ လက်မှတ်ရေးထိုးမယ့် အဆင့်တွေမှာ ဘယ်လိုလူတွေက ဘယ်လိုရာထူးတွေနဲ့ ပါဝင်လက်မှတ်ရေးထိုးမယ်ဆိုတဲ့ ကိစ္စလည်း ကျနော်တို့ ညှိနှိုင်းနေဆဲပါပဲ။ ဒါ့အပြင်ကို ဒီစာချုပ်ကို ပိုပြီးတော့ ခိုင်မာအောင်ပေါ့နော် လက်မှတ်ထိုးပြီးတဲ့နောက်မှာ သူချိုးဖောက်တယ်၊ ကိုယ်ချိုးဖောက်တယ် မဖြစ်အောင်ပေါ့နော် ကျနော်တို့ ပြည်တွင်းအသိသက်သေနဲ့ နိုင်ငံတကာ အသိသက်သေဆိုပြီးတော့ အပိုင်း ၂ ပိုင်းကို တင်ပြထားပါတယ်။ ဥပမာ ကျနော်တို့ နိုင်ငံတကာ အသိသက်သေအဖြစ်တော့ ယူအန်တို့၊ အီးယူတို့၊ အာဆီယံတို့ဆိုတဲ့ ဘော်ဒီသဘောနဲ့ သွားနေတဲ့ အဖွဲ့အစည်းတွေကို ကျနော်တို့က ပါစေချင်တယ်။ တချိန်တည်းမှာပဲ ကျနော်တို့ ဗမာပြည်အရေးအရာနဲ့ ဆက်နွယ်ပြီးတော့ ပါဝင်ပတ်သက်နေတဲ့ တချို့သော နိုင်ငံကြီးတွေပေါ့နော် ကျနော်တို့ဘက်က မြင်ကြည့်တာကတော့ ယူအက်စ်တို့၊ ယူကေတို့၊ နော်ဝေ၊ တရုတ်၊ ဂျပန်၊ ထိုင်း၊ အိန္ဒိယ စသဖြင့်ပေါ့။ ဒါကတော့ ဥပမာ- အိမ်နီးချင်းနိုင်ငံတွေကျတော့ ကျနော်တို့နဲ့ နှစ်ရှည်လများ နယ်ချင်းဆက်စပ်လည်းဖြစ်တယ်။ သူ့အကြောင်းကိုယ့်အကြောင်းလည်း ဆက်စပ်နှီးနွယ်တဲ့ အကြောင်းအရာတွေလည်း အများကြီးရှိတဲ့အခါကျတော့ ဒါလည်း အရေးကြီးတယ်လို့ ကျနော်တို့ထင်တာပေါ့နော်။ ဒါပေမယ့် အဲဒီအပေါ်မှာလည်းပဲ ကျနော်တို့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးတဲ့နေရာမှာ အဖြေမထွက်သေးပါဘူး။ အဲဒါလည်း ပါတာပေါ့။ နောက် ပြည်တွင်းမှာလည်းပဲ အထင်ကရ ပုဂ္ဂိုလ်တွေကိုလည်း ကျနော်တို့ ပါစေချင်တယ်။ ဥပမာပြောရရင် ဒေါ်အောင်ဆန်းစုကြည်လိုမျိုး၊ နောက်ပြီးတော့ ဦးခွန်ထွန်းဦးလိုမျိုး၊ စုဖွဲ့ထားတဲ့ နိုင်ငံရေးပါတီက တခြားအထင်ကရ ပုဂ္ဂိုလ်တွေပေါ့နော်။ ဘယ်သူတွေ ပါသင့်လဲဆိုတဲ့ဟာတွေကို ကျနော်တို့ ညှိနှိုင်းဆွေးနွေးနေဆဲပါပဲ။ ဒါက မကျသေးဘူးပေါ့နော်။” လွန်ခဲ့တဲ့နှစ်ပိုင်းက မြန်မာပြည်ထဲမှာရှိတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေအကြား ဆွေးနွေးပွဲတွေမှာ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ပတ်သက်လို့ အတွင်းအပြင် သဘောထား ဘယ်လိုရှိပါသလဲ။ ဥပမာ ယူအန်အေလို မဟာမိတ်အဖွဲ့လိုမျိုးပေါ့။ “ဟုတ်ကဲ့၊ အထူးသဖြင့်ကတော့ ကျနော်တို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအဆင့်ကို ကျော်လွန်ပြီးတဲ့နောက်မှာ ကျနော်တို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာမှာဆိုတော့ ကျနော်တို့ ဒီဟာနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေနဲ့ မညှိနှိုင်းထားလို့ မရဘူး။ နှီးနွှယ်ခြင်းမရှိလို့ မရဘူးလို့ ကျနော်တို့ နားလည်တာပေါ့။ အဲဒီတော့ နိုင်ငံရေးပါတီလို့ ပြောတဲ့နေရာမှာလည်း ရှင်းရှင်းပြောရရင် ကျနော်တို့ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရေးပါတီကို ကျနော်တို့ ဆိုလိုတာပါပဲ။ ဒါပေမယ့် လက်တွေ့နယ်ပယ်မှာ အခြေအနေအရ ဆက်စပ်ပြီးတော့ လက်ပွန်းတတီး ဘယ်သူနဲ့စပြီးတော့ ညှိနှိုင်းဆောင်ရွက်နိုင်သလဲဆိုရင် အထူးသဖြင့် တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ပဲ ပိုပြီးတော့ နီးစပ်တဲ့သဘောတွေတော့ရှိတာပေါ့။ ဥပမာပြောရရင် အထူးသဖြင့် ယူအန်အေ (ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့) လိုဟာမျိုးတွေပေါ့။ အဲဒီတော့ ကျနော်တို့ ဘယ်လုပ်ငန်းစဉ်တွေမှာ လောလောဆယ်မှာ စပြီးတော့ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်သလဲဆိုတဲ့ ဟာမျိုးတွေကို စစဉ်းစားပါတယ်။ ဥပမာ အထူးသဖြင့်ကတော့ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ အခြေခံမူ သဘောကို တသဘောတည်း ကျနော်တို့နဲ့ ထပ်တူကျတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေနဲ့ ပိုပြီး စပြီး လုပ်ငန်းဆောင်ရွက်ရတဲ့ဟာမျိုးတွေ ရှိပါတယ်။ အဲသလိုပြောလိုက်လို့ ကျန်တဲ့ နိုင်ငံရေးပါတီတွေနဲ့လည်း အဆက်အသွယ်မရှိဘူးလား မဟုတ်ပါဘူး။ ဥပမာ အန်အယ်လ်ဒီလိုဟာမျိုးတွေလည်း ကျနော်တို့ တရားဝင်မဟုတ်ရင်လည်းဘဲ ကျနော်တို့ ကြုံရင်ကြုံသလို တွေ့ဆုံညှိနှိုင်းပြီးတော့ အမြင်သဘောထား ဖလှယ်တာမျိုးတွေလည်း ရှိပါတယ်။ ကျနော်တို့ ပူးပေါင်းဆောင်ရွက်တဲ့ အဆင့်မရောက်သေးရင်တောင်မှ အနီးစပ်ဆုံးတော့ အမြင်သဘောထားတွေ ဖလှယ်တဲ့ အဆင့်မျိုးတွေတော့ရှိနေပါတယ်။” ယူအန်အက်ဖ်စီလို့ ပြောရင် တဆက်တည်းပါလာတာက အများပြည်သူအကြား ဇဝေဇ၀ါဖြစ်နေတာက ပြည်ထောင်စုတပ်မတော်ဆိုတဲ့ကိစ္စလည်း ပါလာပါတယ်။ ပြည်သူလူထုအကြား လူမှုကွန်ရက်စာမျက်နှာမှာ နိုင်ငံတခုမှာ စစ်တပ်တခုပဲ ရှိရမယ်ဆိုပြီးတော့ ဝေဖန်တယ် ‘ဘာဖြစ်လို့ ပြည်ထောင်စုတပ်မတော်လုပ်ရလဲ၊ ဘယ်နိုင်ငံမှာမှမရှိဘူး’ ဆိုပြီးတော့။ ဒီ ပြည်ထောင်စုတပ်မတော်၊ ဖက်ဒရယ်တပ်မတော်နဲ့ ပတ်သက်လို့ ယူအန်အက်ဖ်စီ သဘောထားကို ရှင်းလင်းအောင် ပြောပြပါ။ “ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် အက်ဖ်ယူအေ (Federal Union Army) ပေါ့နော် အတိုကောက် အင်္ဂလိပ်လိုပြောရင်တော့။ ကျနော်တို့ဘက်က အများတကာ ရှင်းရှင်းလင်းလင်းသိအောင်လို့ အဓိပ္ပာယ်ဖွင့်ဆိုတာမျိုးတွေ၊ တရားဝင်လုပ်တာမျိုးတွေ မရှိတဲ့အခါကျတော့ လူတွေက သူ့ရဲ့ထင်ရာမြင်ရာ နားလည်မှုအခြေခံအပေါ်မှာ အခြေခံပြီးပြောတယ်လို့ ကျနော်တော့ အဲလိုနားလည်ပါတယ်။ ကျနော်တို့ ယူအန်အက်ဖ်စီ ကိုယ်နှိုက်က တိုင်းပြည်တခုမှာ တပ်မတော်တခုပဲ ရှိရမယ်ဆိုတဲ့မူကို လုံးဝလက်ခံထားပြီးသားပါ။ ဒါကိုလည်း ကျနော်တို့ သဘောတူထားပြီးသားပါ။ ဒါပေမယ်လို့ ကျနော်တို့က ဖက်ဒရယ်ကို တည်ဆောက်မှာလို့ ပြောတဲ့အခါကျတော့ ရှိမယ့်တပ်မတော်ကလည်း ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ပဲဖြစ်မှာပေါ့။ ဟုတ်တယ်မဟုတ်လား ကျနော်တို့ဆိုလိုချင်တဲ့အဓိပ္ပာယ်က ဒါပါပဲ။ ကျနော်တို့အနေနဲ့ လက်ရှိ ဗမာ့တပ်မတော်ကိုလည်း ပုံစံမပျက်အောင်၊ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကလည်းပဲ ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စုကို ရောက်မှတော့ သူတို့အခန်းကဏ္ဍကို ကျနော်တို့ တပ်မတော်တခုတည်း အသွင်ပြောင်းတဲ့အခါမျိုးတွေမှာ ဘယ်လိုပုံစံနဲ့ ပေါင်းကူးကြမယ်၊ ပေါင်းစပ်ကြမယ်ဆိုတဲ့ စဉ်းစားချက်ကို ကျနော်တို့က ပြောနေတာပဲဖြစ်တယ် နော် ရှင်းရှင်းပြောရရင်တော့။ တချို့က ဘယ်လို အမြင်စောင်းနေသလဲဆိုတော့ အက်ဖ်ယူအေလို့ ပြောတဲ့အခါမျိုးတွေမှာ လက်ရှိ ရှိနေတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းက တပ်မတော်တွေပဲ တပ်ဖွဲ့ဝင်တွေကိုပဲ စုဖွဲ့ပြီးတော့ လက်ရှိ ဗမာ့တပ်မတော်နဲ့ ယှဉ်ပြိုင်နေတယ်၊ အားပြိုင်နေတယ်၊ တိုက်ခိုက်နေတယ် ဆိုတဲ့သဘောမျိုးကို အမြင်ရောက်တယ်လို့ ကျနော်နားလည်ပါတယ်။ အဲဒါက မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တကယ်ပေါ်ပေါက်လာလို့ရှိရင် ပေါ်ပေါက်ပြီးတဲ့နောက် အဲဒီစနစ်အောက်မှာ ဖွဲ့စည်းမယ့် တခုတည်းသော တပ်မတော်အောက်မှာ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်လိုမျိုး ကျနော်တို့မြင်ချင်တဲ့ အတွက်ကြောင့်မို့လို့ ခုကတည်းက ကျနော်တို့ ဘယ်လိုစုဖွဲ့ရမလဲဆိုတဲ့ ဟာမျိုးကို ပြင်နေတာပဲဖြစ်တယ်။ အဲဒါကိုလည်းပဲ ဗမာ့တပ်မတော်ကလည်း  နည်းနည်းအမြင်မကြည်တဲ့ သဘောတွေရှိပါတယ်။ သူတို့ရဲ့စိုးရိမ်မှုတွေကို သူတို့ပြောပါတယ်။ ဒါကိုလည်း ကျနော်တို့ နားလည်တယ်။ ကျနော်တို့လိုချင်တာက လက်ရှိတပ်မတော်ကို ပုံစံပြောင်းဖို့ မဟုတ်ပါဘူး။ ကျနော်တို့နဲ့ ဘယ်လိုစုဖွဲ့မလဲ ဖက်ဒရယ်ပုံစံအောက်မှာ။ အဲဒါကိုပဲ အဓိကထားပြီး ပြောချင်တာပဲဖြစ်ပါတယ်။” အစိုးရက ယူအန်အက်ဖ်စီကို မဟာမိတ်တပ်ပေါင်းစုအဖြစ် ဆက်ဆံတာ မရှိသလောက်ဘဲ။ ယူအန်အက်ဖ်စီကလည်း အစိုးရဘက်က ဆောင်ရွက်နေတဲ့ လွှတ်တော်အသီးသီးနဲ့ ပတ်သက်လို့ အသိအမှတ်ပြုခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအရပေါ်လာတဲ့ လွှတ်တော်ကို။ တဖက်နဲ့တဖက်နဲ့က အသိအမှတ်ပြုမှု မရှိကြဘူးဆိုတော့ တကယ်လို့များ အန်စီအေကို လက်မှတ်ထိုးတဲ့အခါမှာ ပြည်ထောင်စုလွှတ်တော်ထံက အတည်ပြုချက်ရယူရမည်ဆိုတဲ့ အပိုင်းတွေကို ယူအန်အက်ဖ်စီ တပ်ပေါင်းစုသဘောထားက ဘယ်လိုရှိသလဲ။ “ဒါက ဒီလိုရှိပါတယ်။ ကျနော်တို့ကလည်း လောလောဆယ်မှာ နှစ်ပေါင်း ၅၀ ကျော်၊ ၆၀ ကျော် လက်နက်ကိုင်တိုက်ပွဲဝင်လာတဲ့ အဖွဲ့အစည်းတွေကလည်း နိုင်ငံရေးအခြေခံအောက်မှာ တိုက်ပွဲဝင်တာဆိုတော့ ကျနော်တို့ရဲ့ယှဉ်ပြိုင်ဘက်က အစိုးရပဲရှိတာလေ။ ဆိုတော့ အစိုးရက ကျနော်တို့ကို လောလောဆယ် အနေအထားအောက်မှာ ခိုင်မာတဲ့ သဘောတူညီမှု တစုံတရာ နိုင်ငံရေးအရ မရယူနိုင်သေးသရွေ့ကတော့ ကျနော်တို့ကို အသိအမှတ်ပြုဖို့ ဥပဒေကြောင်းအရ ခက်ပါလိမ့်မယ်။ အလားတူပဲ ကျနော်တို့ကလည်း တချိန်လုံး အစိုးရရဲ့မူပေါ်လစီ လုပ်ရပ်တွေက မမှန်ဘူးလို့ ကျနော်တို့က အဲဒီအပေါ်မှာ အခြေခံပြီးတော့ ပြုပြင်ပြောင်းလဲမှုကို ကျနော်တို့က လိုချင်လို့ ကျနော်တို့ကလည်း အတိုက်အခံနေတယ်ဆိုတဲ့ အခါကျတော့ သူတို့ကို ကျနော်တို့က အသိအမှတ်ပြုဖို့ဆိုတဲ့ ဥပဒေလမ်းကြောင်းကလည်းပဲ အခက်အခဲရှိပါတယ်။ ဒါကြောင့် နှစ်ဦးနှစ်ဘက် အသိအမှတ်မပြုတဲ့ ဘက်နှစ်ဘက်ကနေပြီး တွေ့ဆုံပြီး ကျနော်တို့ နိုင်ငံရေးအရ တယောက်နဲ့တယောက်၊ တဖက်နဲ့တဖက် အသိအမှတ်ပြုပြီးတော့ တရားဝင် မူဘောင်အတွင်းမှာ ကျနော်တို့ ဘယ်လိုနားလည်မှု တည်ဆောက်မလဲ ဆိုတဲ့ဟာက အဓိကကျတယ်လို့ နားလည်ပါတယ်။ အဲဒါကြောင့်မို့လို့ လောလောဆယ်မှာ ကျနော်တို့အနေနဲ့ ဆွေးနွေးနေတာက သူ့ဘက်၊ ကိုယ့်ဘက်ပဲရှိတယ်။ ဆွေးနွေးဘက်  နှစ်ဘက်က အပြန်အလှန်  အသိအမှတ် မပြုကြတဲ့ ဘက်နှစ်ဘက်က ဆွေးနွေးနေကြတယ်ဆိုတဲ့  အခါကျတော့ ခိုင်မာမှုနဲ့ပတ်သက်လို့၊ ဥပဒေရှုထောင့်နဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ ဘယ်လောက်အခိုင်အမာဖြစ်သလဲ ပေတံနဲ့တိုင်းတဲ့နေရာမှာ ခက်တယ်။ အဲဒီတော့ အဲသလို တရားဝင်မှုနဲ့ပတ်သက်လို့ ခိုင်မာခြင်းရှိမရှိ၊ ဥပဒေပေတံနဲ့ တိုင်းတဲ့အခါမျိုးတွေမှာ တခုတည်းသော လုပ်နိုင်ခြေရှိတဲ့ လမ်းကြောင်းကတော့ ကျနော်တို့ အသိအမှတ်ပြုတာ၊ မပြုတာ တကဏ္ဍထား။ လက်ရှိအသိအမှတ်မပြုတဲ့ အခြေခံဥပဒေအောက်မှာ ပေါ်ပေါက်လာတဲ့ လက်ရှိလွှတ်တော်ကလွဲရင် တခြား ဘယ်ဥပဒေရှုထောင့်ကပဲကြည့်ကြည့် Body ဘယ်မှာမှ တရားဝင်မှုမရှိဘူး။ ရှိနေတာက အဲဒါပဲလို့ ကျနော်တို့ဘက်က နားလည်တယ်။ အဲဒီတော့ ကျနော်တို့ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းပြီးတော့ အတည်ပြုချက်ရယူမယ်လို့ ကျနော်တို့ပြောနေတဲ့ အန်စီအေ single text ဟာ ရှင်းရှင်းပြောရရင်၊ ကုန်ကုန်ပြောရရင် ကျနော်တို့ ဒီတခုတည်းသောရှိနေတဲ့ လွှတ်တော်ကို အသိအမှတ်ပြုခြင်း၊ မပြုခြင်းဆိုတာထက် သူတို့ရဲ့အတည်ပြုမှုကို ရယူဖို့ ကျနော်တို့ လမ်းတင်နေတယ်ဆိုတာက တချက်တည်း ကျနော်တို့ ၂၀၀၈ အခြေခံဥပဒေကို အသိအမှတ်ပြုလိုက်တယ် ဆိုတဲ့ဟာမျိုးလည်း ကျနော်တို့ အဓိပ္ပာယ်မဖွင့်ဘူး။ ဒါက တခုတည်းသော အင်စတီကျူးရှင်းတခုလို ဖြစ်တဲ့အတွက်ကြောင့်မို့လို့၊ အဲဒါကြောင့်မို့လို့။ ကျနော်တို့ လွှတ်တော်ထဲကိုလည်း ကြည့်လိုက်ကြည့် ကျနော်တို့နဲ့ ဆွေးနွေးဘက်တွေပဲဖြစ်တယ်။ တပ်မတော်ပြောမလား၊ အစိုးရပြောမလား ဒါပဲရှိတယ်။ အဲဒီတော့ ကျနော်တို့အချင်းချင်း နားလည်မှု တည်ဆောက်မယ့်၊ သဘောတူညီချက်ရယူမယ့် သဘောတူညီမှုစာချုပ်ဟာ အဲဒီက တကြောင်းတည်းသော လွှတ်တော်ကနေပဲ ဖြတ်လို့ရမယ်။ ခိုင်မာအောင်တည်ဆောက်လို့ ရမယ်လို့ ကျနော်တို့က မှတ်ယူတယ်။ တကယ်လို့များ ကျနော်တို့ သွားရမယ့် အဆင့်တွေက တရက်၊ တညနဲ့ပြီးမယ့်ကိစ္စတွေ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ အစိုးရကလည်း အကန့်အသတ်နဲ့ သူ့သက်တမ်းတွေ ရှိတယ်ဆိုတာ ကျနော်တို့အားလုံး သဘောပေါက်ပြီးသား။ အဲဒီတော့ လက်ရှိအစိုးရကလည်း သက်တမ်း ၅ နှစ်ဆိုတော့ တကယ်လို့များ ကျနော်တို့ ၅ နှစ်ကာလအတွင်းမှာ ညှိနှိုင်းဆွေးနွေးမှုက၊ အကောင်အထည်ဖော်မှုက မပြီးဆုံးဘူးဆိုရင် နောက်တက်လာမယ့်အစိုးရ၊ သို့တည်းမဟုတ် နောက်ပေါ်လာမယ့် လွှတ်တော်တွေနဲ့ ဆက်လက်ကိုင်တွယ် ဆောင်ရွက်နိုင်ဖို့အတွက် တရားဝင်မှုက အရေးကြီးတယ်လို့ ကျနော်တို့က အဲလို နားလည်တယ်။ အဲဒါကြောင့်မို့လို့ အဲဒီလမ်းကြောင်းကို ကျနော်တို့ ဖြတ်ဖို့ စဉ်းစားရခြင်းဖြစ်ပါတယ်။” ယူအန်အက်ဖ်စီအဖွဲ့ဝင်တွေ အပါအ၀င် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်တွေ သြဂုတ်လဆန်း ဆွေးနွေးကြတော့မယ်။ ဒီဆွေးနွေးပွဲမှာ အန်စီအေနဲ့ပတ်သက်လို့ ယူအန်အက်ဖ်စီသဘောထားကို ပြောပြပါ။ “လောလောဆယ်မှာတော့ အန်စီအေ single text က ရှင်းရှင်းပြောရရင် ငြိမ်းချမ်းရေးကို သွားဖို့အတွက် ကျနော်တို့ ပထမဆုံးသောအဆင့်ဖြစ်သလို တံခါးပေါက်ဆိုရင်လည်း မမှားဘူးပေါ့။ ကျနော်တို့ ဒီ ငြိမ်းချမ်းရေးဖြစ်စဉ် အဆင့်ဆင့်ကို တဆင့်ချင်းစီ သွားနိုင်ဖို့အတွက် ဒီအဆင့်ကို ကျနော်တို့ မကျော်လို့ မရဘူး။ ဒီအဆင့်က အဓိကပြဿ နာလို့ ကျနော်တို့နားလည်တယ်။ ဒီအဆင့်ကိုကျော်လွန်ပြီးမှ တခြားအဆင့်တွေကို ကူးပြောင်းလို့ရမယ်လို့ ကျနော်တို့က ထင်တာပါ။ အဲဒါကြောင့်မို့လို့ အန်စီအေက ကျနော်တို့အတွက် အသက်နဲ့တမျှ အရေးကြီးပါတယ်။ အဲဒီတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ကျနော်တို့ ချဖို့လိုတယ်။ နောက်ပြီးတော့ ခိုင်မာတဲ့သဘောတူညီမှု တခုဖြစ်အောင်လည်း agreement တခုဖြစ်အောင်လည်း ကျနော်တို့က ရယူချင်တယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့်လို့ ကျနော်တို့အနေနဲ့ ဒီ ယူအန်အက်ဖ်စီ အဖွဲ့အစည်း အပါအ၀င် ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ ပြုလုပ်ခဲ့တဲ့ လော်ခီးလာညီလာခံ နှစ်ကြိမ်၊ လိုင်ဇာညီလာခံ နှစ်ကြိမ်မှာ ကျနော်တို့ ဆုံးဖြတ်ချက်တွေ ရှိပါတယ်။ အဲဒီဆုံးဖြတ်ချက် ဘာလဲဆိုရင် လက်ရှိ ကျနော်တို့ အန်စီအေနဲ့ပတ်သက်လို့ အစိုးရနဲ့ တိုင်းရင်းလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကြားမှာ ညှိနှိုင်းဆွေးနွေးနေတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ ကနေ့အထိ လူထုတွေ မသိသေးပါဘူး အသေးစိတ်။ နိုင်ငံရေးပါတီတွေလည်း မသိသေးပါဘူး။ သိနေတဲ့အရာတွေကတော့ သတင်းမီဒီယာမှာပြောနေတဲ့ အကြောင်းအချက်လောက်ပဲ  သိပါတယ်။ ဆိုတော့ ကျနော်တို့ဘက်ကလည်းပဲ ရှင်းရှင်းပြောရရင်တော့ ကျနော်တို့ဘာတွေ ဆွေးနွေးနေတယ်၊ ဘာအကြောင်းအရာတွေ ပါနေသလဲ။ ဘာကြောင့် ဒီအခြေအနေကြောင့် ကြန့်ကြာနေတယ်ဆိုတဲ့ဟာမျိုး၊ လူထုတွေကတော့ အခု အခု မြင်ချင်တာတော့ နားလည်တယ်။ ဒုက္ခရောက်နေတာလည်း နှစ်ပေါင်း ခြောက်ဆယ်ကျော်ဆိုတော့ ကျနော်တို့ကလည်း စောစောဖြတ်ချင်တာပေါ့ဗျာ။ ဒါပေမယ့် ဖြတ်လို့မရတဲ့အကြောင်းအရာတွေက ကျနော်တို့ အခိုင်အမာ ၂ ဦး ၂ ဘက်က ယုံယုံကြည်ကြည်နဲ့ သဘောတူပြီးတော့ ခိုင်မာအောင် တည်ဆောက်ထားတဲ့ သဘောတူညီမှုတခု ဖြစ်ပေါ်ဖို့အတွက် ကျနော်တို့က ကြိုးစားနေရတဲ့ အတွက်ကြောင့်မို့လို့ အခက်အခဲ နည်းနည်းရှိနေတာကို ကျော်လွှားရဖို့ ကြိုးစားရတဲ့ အခြေခံတွေကြောင့်ပဲ ကြန့်ကြာနေတယ်ဆိုတာ ကျနော် အသိပေးချင်တယ်။ အဲဒါကြောင့်မို့လို့ လူထုတွေကိုတော့ သည်းညည်းခံပြီး ဆက်ပြီးစောင့်စားပါလို့တော့ ကျနော် မပြောချင်ဘူး။ လူထုတွေရဲ့ဒုက္ခကို ကျနော်တို့ လုံးဝနားလည်တယ်၊ မျှဝေခံစားတယ်။ ဒါပေမယ့်အခြေအနေက ကျနော်တို့ ဒီလိုပဲ တွန်းပို့တဲ့အတွက်ကြောင့် ဒီအခြေအနေပဲ ကျနော်တို့ လုပ်ဆောင်နိုင်တဲ့ အတွက်ကြောင့်မို့လို့ ဖြည်းဖြည်းချင်း သွားရမယ်ဆိုတဲ့ဟာကိုတော့ အားလုံး ကျနော်တို့ကိုလည်း အပြန်အလှန်နားလည်မှုပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။” လက်ရှိ သမ္မတဦးသိန်းစိန်ရဲ့ သက်တမ်းမှာ အန်စီအေ လက်မှတ်ထိုးနိုင်မလား။ “ဒီသက်တမ်းမှာရှိတဲ့ အစိုးရနဲ့ ကျနော်တို့ ထိုးနိုင်၊ မထိုးနိုင်ဆိုတာတော့ နှစ်ဦးနှစ်ဘက် ညှိနှိုင်းသဘောတူနိုင်တဲ့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ ခုန ကျနော်ပြောတဲ့ အကြောင်းအရာတွေပေါ့နော် ဆက်လက်ညှိနှိုင်းဆွေးနွေး အဖြေရှာရမယ့် အကြောင်းအရာတွေက ဒီသက်တမ်းကာလ၊ ဒီရွေးကောက်ပွဲမတိုင်ခင်မှာ ပြီးနိုင်၊ မပြီးနိုင်၊ ဒါက ကြည့်ရမယ့် အခြေအနေလို့ ကျနော်နားလည်ပါတယ်။ အဲဒီဟာ မပြီးဘဲနဲ့ကတော့ ဒီအစိုးရလက်ထက်မှာ ထိုးဖို့ကတော့ ကျနော်တို့ကလည်းပဲ ထိုးတော့ ထိုးချင်ပေမယ့်လို့ ထိုးချင်တဲ့ဆန္ဒနဲ့ ဖြစ်နိုင်တဲ့အခြေအနေ ရှိမရှိဆိုတာကတော့ ပြဿ     နာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up