မန်ယူ အမျိုးသမီးအသင်း ရှိသင့်ဟု အားကစားဝန်ကြီးပြော

2.6K
အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းမှာ အမျိုးသမီးအသင်း မရှိတာကို ပြုပြင်သင့်တယ်လို့ အားကစားဝန်ကြီးက ပြောပါတယ်။
မန်ယူရဲ့ပြိုင်ဘက် မန်စီးတီး၊ ချဲလ်ဆီး၊ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတွေက အမျိုးသမီး စူပါလိဂ်မှာ ပြိုင်ပွဲဝင်ပေမယ့် မန်ယူမှာတော့ မရှိတဲ့အပေါ် ထောက်ပြပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းမှာ အမျိုးသမီးအသင်းမရှိတာ တကယ့်ကို စိတ်ပျက်စရာပါ။ သူတို့တွေမှာ အမျိုးသမီးဌာနရှိပေမယ့် ဘောလုံးအသင်းအဖြစ် မပြောင်းလဲနိုင်ပါဘူး” လို့ အားကစားဝန်ကြီး ထရေစီခရောခ်ျက ပြောပါတယ်။
မန်ယူမှာ အမျိုးသမီး ဂျူနီယာအသင်းရှိပေမယ့် ၂၀၀၅ ခုနှစ်မှာ အမျိုးသမီး စီနီယာအသင်းကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။
အင်္ဂလန် အမျိုးသမီးအသင်း ကမ္ဘာ့ဖလားမှာ တတိယဆု ရပြီးတဲ့နောက် အမျိုးသမီး စူပါလိဂ် ဘောလုံးပြိုင်ပွဲမှာ ပရိသတ်တွေ တိုးလာပါတယ်။
အင်္ဂလန်နဲ့ ချဲလ်ဆီး အမျိုးသမီးအသင်း တိုက်စစ်မှူးကလည်း ကမာ့္ဘဖလားပြိုင်ပွဲအပြီး မန်ယူမှာ အမျိုးသမီးအသင်း မရှိတာဟာ တွေးရခက်စေတယ်လို့ ပြောဆိုလိုက်ပါတယ်။
မန်ယူကတော့ အခြေအနေကို ပြန်လည် သုံးသပ်နေပြီး အမျိုးသမီးအသင်းကို ပြန်စဖို့အတွက် အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။