မြန်မာ ရေဘေးသင့်ဒေသများကို ဂျပန်က အရေးပေါ် ပစ္စည်းများထောက်ပံ့မည်
DVB
·
August 5, 2015
မြန်မာနိုင်ငံကရေဘေးဒုက္ခသည်တွေကို ကူညီဖို့ ဂျပန်အစိုးရက ယန်းငွေ ၁၈ သန်း (အမေရိကန်ဒေါ်လာ ၁ သိန်းခွဲနီးပါး) တန်ဖိုးရှိတဲ့ ခြုံစောင်၊ အိပ်ယာနဲ့ ပလတ်စတစ်အမိုး အကာတွေအပါအ၀င် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ကူညီသွားမယ်လို့ သတင်း ထုတ်ပြန်ပါတယ်။
အဲဒီထောက်ပံ့ကူညီမှုကို ဂျပန်-မြန်မာနှစ်နိုင်ငံကြား ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တဖွဲ့ဖြစ်တဲ့ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့( ဂျိုက်ကာ) ကတဆင့် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
ဂျပန်-မြန်မာနှစ်နိုင်ငံကြား ကာလကြာရှည် ချစ်ကြည်ရင်းနှီးမှုရှိခဲ့တဲ့အပေါ် လူသားချင်းစာနာထောက်ထားပြီး ခုလို အရေးပေါ်ထောက်ပံ့ကူညီမှုတွေပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ဂျပန်သံရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံနေရာ အနှံ့အပြား မိုးကြီး၊ ရေကြီး၊ ရေလျှံမှုတွေကြောင့် လူပေါင်း ၂သိန်းခွဲကျော် ရေဘေးဒုက္ခခံစားနေရပြီး လူပေါင်း ၇၀ နီးပါးသေဆုံးခဲ့ရချိန်မှာ အစိုးရက နိုင်ငံတကာ အကူအညီတွေကို လက်ခံဖိတ်ခေါ် ကမ်းလှမ်းထားပါတယ်။