ကိုယ့်စည်းချက်နှင့်ကိုယ် လမ်းလျှောက်နိုင်၊ ပြေးနိုင်မည့် ဆိုးပြားဂီတ (ရုပ်သံ)

ကိုယ့်စည်းချက်နဲ့ကိုယ် ချီတက်ချင်တယ်ဆိုရင်တော့ ဒီရှေ့ပြေးပုံစံ အောက်ခံဆိုးပြား အာရုံခံစနစ်က ထောက်ကူပေးမှာပါ။ အော်စလိုတက္ကသိုလ်က ခရစ်တီးယန်းနင်မိုအန်ဟာ ခုလိုဝတ်ဆင်နိုင်တဲ့ ဂီတဆိုးပြားကို တီထွင်ဖို့ ၂ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ ဒီဆိုးပြားက နားဆင်သူကိုယ်တိုင် ထိန်းချုပ်နိုင်တဲ့ လိုက်လျောညီထွေ ချိတ်ဆက်တုံ့ပြန်နိုင်တဲ့ ဂီတသံကို ဖန်တီးပေးနိုင်ပါတယ်။ ဒီဆိုးပြားမှာ ဆင်ဆာ ၃ ခု တပ်ဆင်ထားပြီး ဗဟိုပေါင်းကူး ဆက်သွယ်စနစ်က ကွန်ပျူတာဆီကို အချက်အလက်တွေ ပို့ပေးပါတယ်။ ဟန်ပန်မှတ်သားစနစ်က ထိန်းချုပ်မှုအမျိုးမျိုးကို ပေးစွမ်းနိုင်သလို သီချင်းရဲ့ ဘယ်အပိုင်းကို ထုတ်လွှင့်ပေးရမလဲဆိုတာ ရွေးချယ်ပေးပါတယ်။ ဗဟိုပေါင်းကူးဆက်သွယ်စနစ် ဘူးလေးကို သုံးစွဲသူရဲ့ ခြေထောက်မှာ ချည်တွဲထားနိုင်ပါတယ်။ "ကိုယ့်ရဲ့လမ်းလျှောက်ဟန်ပေါ့နော်။ လမ်းလျှောက်ရင် ဒါမှမဟုတ် ခြေဖျားနဲ့ ဒါမှမဟုတ် ဖနောင့်နဲ့ စည်းချက်လိုက်တာကို ယန္တရားသိမှုစနစ်က သရုပ်ခွဲပြီး ဘာဂီတကို အသံလွှင့်ပေးရမလဲဆိုတာ ဆုံးဖြတ်ပေးပါတယ်။" နင်မိုအန်ကတော့ ဒီကိရိယာကို ကာယလေ့ကျင့်ခန်းလုပ်ရာမှာ အပြိုင်ပြေးနေတဲ့ အားကစားသမား အုပ်ထဲကနေ ပိုပြီးမြန်မြန်ကျော်တက်နိုင်အောင် တွန်းအားပေးတယ်လို့ ဆိုပါတယ်။ အကသမားတွေနဲ့လည်း သင့်တော်တယ်လို့ ဆိုပါတယ်။ "ဂီတရဲ့အပိုင်းအသီးသီးမှာ ကိုယ့်ကို လွှမ်းမိုးနိုင်တဲ့အပိုင်းတွေ ပါတယ်။ ဒီတော့ ကိုယ်လမ်းလျှောက်နေချိန်မှာ လမ်းလျှောက်နှုန်းတိုင်းစနစ်နဲ့ ဂီတရဲ့ အနှေးအမြန်ကို ဆုံးဖြတ်နိုင်တယ်။ ခြေဖျားနဲ့ စည်းချက်လိုက်လိုက်ရင် ဂီတပုံစံ တမျိုးပြောင်းသွားရော။ တီးခတ်တဲ့ တူရိယာတွေရဲ့ အမြူအသွက်ကလည်း လိုက်ပြောင်းတယ်။ ဖစ်လ်တာတမျိုးစီကို ဂီတပုံစံက လွှမ်းမိုးထားတယ်။" နင်မိုအန်နဲ့ သူ့လုပ်ဖော်ကိုင်ဖက် ပါမောက္ခ ဂျင်မ်တော်ရက်ဆင်တို့ကတော့ အီးယူက ငွေကြေးမတည်ထားတဲ့ ဒီအလုပ်ဟာ ကြိုသွင်းထားတဲ့ ဂီတသံထက် အခြေအနေအလိုက် တီးခတ်ပေးတဲ့ ဂီတသံ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေအတွက် ဈေးကွက်တခုကို ဖန်တီးပေးနိုင်တယ်လို့ ယုံကြည်ထားပါတယ်။ ခုလက်ရှိနည်းပညာဟာ ကွန်ရက်ချိတ်ဆက်တဲ့ အပိုင်းမှာ နည်းနည်းနောက်ကျနေပေမယ့် ကမ္ဘာ့တနေရာနဲ့ တနေရာက သုံးသူ ၂ ယောက်ကြား လှမ်းချိတ်ဆက်ပြီး ဂီတကို တုန့်လှယ်ပေါင်းစပ် ဖန်တီးနိုင်တော့မှာပါ။ နင်မိုအန်ကတော့ လုံးဝအသစ်ဖြစ်တဲ့ ဆိုးပြားဂီတကို လူတွေအရူးအမူး ကြိုက်ကြမယ်လို့ မျှော်လင့်ထားပါတယ်။

More News
Up