Home
မြန်မာသတင်း
ရေကြီး မှုကြောင့် အခြေခံ စားကုန်ပစ္စည်းများ ဈေးတက် (ရုပ်သံ)
ပိုင်စိုး
·
August 5, 2015
နိုင်ငံတ၀န်း ရေကြီးရေလျှံတာတွေ ဖြစ်ပြီးတဲ့နောက် လက်ရှိမှာ အခြေခံ စားသောက်ကုန် တချို့နဲ့ ဆေးဝါးပစ္စည်းတွေ ဈေးတက်နေပါတယ်။ ရေကြီးလို့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်တာအပြင် လူတွေရဲ့ စိုးရိမ်စိတ်နဲ့ ပစ္စည်းတွေ ၀ယ်လှောင်ကြတာကြောင့် တချို့စားသောက်ကုန်တွေ ဈေးတက်သွားတာပါ။ ဆန်၊ ဆီ နဲ့ ကြက်သွန်လို အခြေခံစားကုန်တွေ ဈေးတက်နေပေမယ့် တခြား စားသောက်ကုန် တွေကတော့ ဈေးမတက်ဘူးလို့ ညောင်ပင်လေးဈေးက ဆန်ဆိုင်ပိုင်ရှင် ဦးမြင့်သူက ပြောပါတယ်။ ပဲဆီကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ၁ ပိဿာကို ၆ ထောင် ၀န်းကျင်ရှိရာကနေ မနေ့က ၆၅၀၀ ကျပ်ဖြစ်ပြီး ဒီနေ့မှာတော့ ၆၇၀၀ ကျပ်ဖြစ်သွားပါပြီ။ လှောင်ထားတဲ့ မြေပဲတွေကလည်း မရှိတော့လို့ ဈေးထပ်တက်ဦးမယ်လို့ မြေပဲဆီကုမ္ပဏီကြီး တခုရဲ့ အရောင်းတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။ ရေဘေးသင့်ဒေသတွေကို လှူဒါန်းတာတွေ လုပ်နေကြတဲ့အတွက် အသင့်စားကုန်ပစ္စည်းတွေလည်း ရောင်းအားတက်နေတယ်လို့ ဖိုးလမင်း ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်တင်တင်ဦးက ပြောပါတယ်။ အိမ်သုံးဆေးဝါးတွေမှာလည်း တချို့ဆေးဝါးတွေ ပစ္စည်းပြတ်လပ်ပြီး ဈေးတက်နေတယ်လို့ မင်္ဂလာဈေးက ဆေးဆိုင်ပိုင်ရှင် ဦးအောင်က ပြောပါတယ်။ ရန်ကုန်မှာတော့ ပရဟိတသမားတွေက  ရေဘေးအတွက် အလှူခံတာတွေ လုပ်နေသလို တဆက်တည်းမှာ လှူဖို့ ပစ္စည်းတွေလည်း ၀ယ်ယူတာကြောင့် ကုန်တိုက်တချို့မှာ ကုန်ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်နေတယ်လို့ ရန်ကုန်ဒေသခံတွေက ဆိုပါတယ်။ လက်ရှိမှာ အဓိကစားကုန်ဖြစ်တဲ့  ပြည်တွင်းဆန်ဈေး တည်ငြိမ်ဖို့အတွက် ဆန်စပါး အသင်းက အရန်ဆန်တွေ ထုတ်ရောင်းမှာ ဖြစ်တဲ့အပြင် ပြည်ပ ဆန်တင်ပို့တာကိုလည်း ရပ်ဆိုင်းထားပါတယ်။ အပြည့်အစုံ ရုပ်သံကြည့်ရှုရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024