ယီမင် အကြီးဆုံးလေတပ်စခန်းကို ဟူသီသူပုန်လက်ထဲမှ ပြန်သိမ်းယူ (ရုပ်သံ)

ယီမင်အစိုးရကို ထောက်ခံတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ့က အေဒင်မြို့ မြောက်ဘက်က အကြီးဆုံး လေတပ်စခန်းကို ဟူသီသူပုန်တွေလက်ကနေ ပြန်လည်သိမ်းပိုက်ရရှိတယ်လို့ ဒေသခံတပ်မှူးတဦးက ပြောပါတယ်။ ဒီ အယ်လ် အနက်ဒ် (al-Anad) လေတပ်အခြေစိုက်စခန်းဟာ အမေရိကန်တပ်ဖွဲ့တွေ အယ်ယ်ကိုင်းဒါးတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တုန်းက အမေရိကန် မောင်းသူမဲ့ တိုက်လေယာဉ်တွေ အခြေစိုက်စခန်း ဖြစ်ခဲ့တာပါ။ ဒီလေတပ်စခန်းကို ပြီးခဲ့တဲ့ မတ်လက ဟူသီသူပုန်တွေ အေဒင်မြို့နဲ့အတူ တပါတည်း သိမ်းပိုက်ခဲ့တာပါ။ လေဆိပ်ကို ဆော်ဒီလေကြောင်းပစ်ကူပေးမှုတွေနဲ့ ရက်သတ္တပတ်ကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရတာဖြစ်ပြီး နှစ်ဘက် အကျအဆုံးလည်း များပြားတယ်လို့ ဆိုပါတယ်။ လေတပ်စခန်းနဲ့ ၄ ကီလိုအကွာမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲလို့ လေဆိပ်ကို သိမ်းပိုက်ခဲ့တဲ့ တပ်ဖွဲ့ရဲ့ ပြောခွင့်ရက ပြောဆိုပါတယ်။ အခုလို လေတပ်စခန်းကို မဟာဗျူဟာမြောက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ယီမင်နိုင်ငံရဲ့ တတိယမြောက် အကြီးဆုံးမြို့ဖြစ်တဲ့ ထိုက်ဇ် (Taiz) မြို့ကို တိုက်ခိုက်ရေးလမ်းကြောင်း ပွင့်သွားပြီလို့ ဆိုပါတယ်။ ယီမင်အစိုးရထောက်ခံတဲ့ ဒေသခံတပ်ဖွဲ့တွေကို ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေက လေကြောင်း ပစ်ကူပေးခဲ့ပြီး မြေပြင်မှာလည်း စစ်လက်နက်တွေ ထောက်ပံ့ပေးနေတာပါ။ တဘက်က ရှီးယားမွတ်စလင် ဟူသီသူပုန်တွေကို အီရန်က စစ်လက်နက် ထောက်ပံ့နေတာလို့ ဆော်ဒီနဲ့ မဟာမိတ်တွေက စွပ်စွဲကြပါတယ်။ အဲဒီစွပ်စွဲချက်တွေကို အီရန်နဲ့ ဟူသီသူပုန်တွေက ငြင်းဆန်ကြပြီး ယီမင်အစိုးရရဲ့ အဂတိလိုက်စားမှု၊ ဟူသီလူမျိုးစုတွေအပေါ် ဖိနှိပ်မှုတွေအတွက် တိုက်ပွဲဝင်နေတာလို့ ဟူသီသူပုန်တွေက ပြောပါတယ်။

More News
Up