ဒုတိယကမ္ဘာစစ် အဆုံးသတ်ပေးခဲ့သည့် နျူကလီးယား ဗုံးကြဲလေယာဉ် (ရုပ်သံ)

1.8K
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ခန့်က ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်ပေးခဲ့တဲ့ နျူကလီးယားဗုံးကို ကြဲချခဲ့တဲ့ လေယာဉ်ကို အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်က အာကာသနဲ့ လေကြောင်းပြတိုက်တခုမှာ လက်ရှိအချိန်ထိ ထိန်းသိမ်းထားပြီး လူအများ စိတ်ဝင်စားတဲ့ နေရာတခု ဖြစ်နေဆဲပါ။
ဘိုးရင်းလေယာဉ်ကုမ္ဗဏီထုတ် B-29 ဗုံးကြဲလေယာဉ်ကြီးရဲ့အမည်ကို လေယာဉ်မှူး ပေါလ် တစ်ဘ်ဘတ်စ် (Paul Tibbets) က သူ့ရဲ့ မိခင်နာမည် အဲနိုလာ ဂေး (Enola Gay) ကို လေယာဉ်ရဲ့ဘယ်ဘက်မှာ ရေးထိုးခဲ့ပြီး ကမ္ဘာ့သမိုင်းဝင် ဗုံးကြဲလေယာဉ်ရဲ့ အထင်ကရနာမည် ဖြစ်ခဲ့ပါတယ်။
ဒီလေယာဉ်နဲ့ အဏုမြူဗုံးတလုံးကို သယ်ဆောင်သွားပြီး ၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်နေ့မှာ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ပေါ် ကြဲချလိုက်တာကြောင့် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားတယ်လို့ လူအများက ယုံကြည်ကြပါတယ်။
တဘက်မှာလည်း ဒီ နျူကလီယားဗုံး ကြဲချခဲ့တာဟာ နောက်ပိုင်း ကမ္ဘာ့နိုင်ငံတွေ နျူကလီးယားပြိုင်ဆိုင်မှုရဲ့ အစဖြစ်ခဲ့တယ်လို့ ပြတိုက်မှူးက ပြောဆိုပါတယ်။
သြဂုတ် ၆ ရက်နေ့မှာ အဏုမြူဗုံးကြဲချခဲ့ပြီး ၁၉၄၅ နှစ်ကုန်ပိုင်းမှာ အသေအပျောက်စာရင်းကို ခန့်မှန်းကြည့်ရာမှာတော့ ဟီရိုရှီးမားမြို့ခံ ၃ သိန်းခွဲမှာ ၁ သိန်း ၄ သောင်းလောက် သေဆုံးခဲ့ပါတယ်။
နောက် ၃ ရက်အကြာ နာဂါဆာကီမြို့ပ်ါမှာ အဏုမြူဗုံး နောက်ထပ်တလုံး ကြဲချခဲ့တဲ့နောက်မှာတော့ နောက်ဆုံးလက်ကျန် ဂျပန်တို့ လက်နက်ချဖို့ သဘောတူခဲ့ကြပါတယ်။
တရားဝင်လက်နက်ချပွဲကို စက်တင်ဘာ ၂ ရက်နေ့မှာ ကျင်းပခဲ့ပေမယ့် ဂျပန်နိုင်ငံက လက်နက်ချဖို့ သဘောတူတယ်လို့ ကြေညာခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့ကတည်းက ဖက်ဆစ်ဂျပန်ကို အောင်မြင်ပြီဆိုပြီး မဟာမိတ်တပ်ဖွဲ့တွေ အောင်ပွဲခံခဲ့ကြတာပါ။
ဒီလို ဘီ ၂၉ ဗုံးကြဲလေယာဉ်မျိုး အစီး ၆၀၀၀ ထုတ်လုပ်ခဲ့တာမှာ အဏုမြူဗုံးလို လေးလံတဲ့ဗုံးမျိုးကို သယ်ဆောင်နိုင်အောင် အဆင့်မြှင့်ခဲ့တဲ့ လေယာဉ်အစီး ၃၀ ထဲ ရှိခဲ့ပါတယ်။ အဲဒီအစီး ၃၀ ထဲမှာ ဒီတစီးက ပါဝင်ခဲ့တာပါ။
၁၉၆၁ ခုနှစ်အထိ လေဟာပြင်ထဲမှာပဲ ပြသထားခဲ့ပြီး ၁၉၈၄ ခုနှစ်ကျမှ အမိုးအောက်ကို ဒီလေယာဉ်ကို ရွှေ့ခဲ့ပြီး ပြန်လည်မွမ်းမံခဲ့တာပါ။
မွမ်းမံခြင်းလုပ်ငန်းဟာလည်း ၇ နှစ်ပဲ ကြာမယ်လို့ တွက်ခဲ့ပေမယ့် အနှစ် ၂၀ လောက် ကြာမြင့်ခဲ့ပြီး ဒီပြတိုက်ရဲ့ အကြီးဆုံးလေယာဉ်မွမ်းမံရေး စီမံကိန်းဖြစ်ခဲ့ပါတယ်။