မန်ယူကွင်းလယ်လူ ဒီမာရီယာ ပီအက်စ်ဂျီ ပြောင်းရွှေ့

ဓာတ်ပုံ - ရိုက်တာ
2.2K
မန်ယူ ကွင်းလယ်ကစားသမား အန်ဂျဲ ဒီမာရီယာဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။
ပီအက်စ်ဂျီက ဒီမာရီယာကို ပြောင်းရွှေ့ကြေး ပေါင် ၄၄ သန်းကျော်နဲ့ ခေါ်ယူလိုက်တာပါ။
အသက် ၂၇ နှစ်အရွယ် အာဂျင်တီးနား ကွင်းလယ်ကစားသမားဟာ မန်ယူအသင်းမှာ စာချုပ်သက်တမ်း တနှစ်ကျန်နေတဲ့အချိန် ပြောင်းရွှေ့သွားတာ ဖြစ်ပါတယ်။
မန်ယူက သူ့ကို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ နီးပါးပေးပြီး ရီးရဲလ်မက်ဒရစ်ကနေ ခေါ်ယူထားတာပါ။
ဒီမာရီယာကတော့ ပီအက်စ်ဂျီဟာ အရေးကြီးတဲ့ အသင်းတသင်းဖြစ်ပြီး ပြောင်းရွှေ့နိုင်တဲ့အတွက် ၀မ်းသာကြောင်း ပြောဆိုထားပါတယ်။
သူဟာ အသင်းသစ်နဲ့ သြဂုတ် ၂ ရက်က ဆေးစစ်မှု ခံယူခဲ့ရပါတယ်။
ဒီမာရီယာဟာ မန်ယူမှာ ကစားတဲ့ တရာသီအတွင်း ၃၂ ပွဲမှာ ၄ ဂိုး သွင်းပေးထားပါတယ်။