ကျောင်းသားများက ရဲအရာရှိတွေကို တရားစွဲမှု ရုံးတင်စစ်ဆေး

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ရာက ရိုက်နှက်ဖမ်းဆီး တရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို သာယာဝတီ ခရိုင်တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ ရုံးထုတ်မှာ သာယာဝတီထောင်တွင်း ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေက  ရဲတွေကို တရားစွဲဆိုတဲ့အမှုကို နှစ်ဘက် လျှောက်လဲချက်ပေးကြပါတယ်။ ကျောင်းသားတွေရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က “ဒီနေ့ ရုံးချိန်းကတော့ ရဲမှူးဖုန်းမြင့်နဲ့ စခန်းမှူး ဒု-ရဲမှူးဆန်းမြင့်တို့ကို မတရားဖမ်းဆီးချုပ်နှောင်မှုနဲ့ အရေးယူပေးဖို့ အတွက် လျှောက်လဲချက်ပေးတယ်။ လျှောက်လဲချက်ပေးပြီးတော့ ဦးကြီးမြင့်က ဆက်လက်ပြီးတော့ သူ့ကို စစ်ဆေးတယ်။ အမိန့်ကတော့ ၁၁ ရက်နေ့မှချမယ်။” လို့ ပြောပါတယ်။ ရဲတွေကို တရားစွဲပေးဖို့ ကျောင်းသားတွေက ပြီးခဲ့တဲ့သီတင်းပတ်ရုံးချိန်းမှာ လျှောက်လွှာတင်ခဲ့ပါတယ်။ အာမခံလျှောက်ထားတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၈ ယောက်ရဲ့ အာမခံလျှောက်လွှာကတော့ မပြည့်စုံလို့ဆိုပြီး အာမခံမပေးတဲ့အတွက် ဒီကနေ့  ထပ်မံ လျှောက်ခဲ့ပါတယ်။ ရုံးထွက်လာတဲ့ ဗကသကျောင်းသားတွေက လက်ပံတောင်း ကြေးနီစီမံကိန်းဒေသက ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေ ၃ သိန်း ပေးလှူကြပါတယ်။ မြန်မာပြည်ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်ဟီးလီက မနက်ဖြန် သာယာဝတီထောင်ကို သွားရောက်ပြီး ဖမ်းဆီးခံ ကျောင်းသားတွေကို  တွေ့ဆုံမှာဖြစ်ပါတယ်။ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြရင်း အကြမ်းဖက်ဖမ်းဆီး တရားစွဲခံရသူ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၅၅ ဦး သာယာဝတီထောင်တွင်း ကျန်ရှိပြီး အချို့ဟာ ဖမ်းဆီးစဉ်က ရဲတပ်ဖွဲ့ဝင်တွေ ရိုက်နှက်ခဲ့တာကြောင့် အတွင်းဒဏ်ရာတွေ ရရှိနေကြပါတယ်။

More News
Up